ညောင်ခြေထောက်မြို့မှာ တောင်ကျရေကြောင့် တိုက်နယ်ဆေးရုံ ရေကြီးနစ်မြုပ်ပြီး လူနာတွေ အရေးပေါ် ပြောင်းရွေ့ခဲ့ရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၃၀ရက်နေ့ မနက် ၅နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းလာတာကြောင့် တိုက်နယ်ဆေးရုံ ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ဆေးရုံအတွင်း ပိတ်မိနေတဲ့ လူနာတွေကို အရေးပေါ်ပြောင်းရွေ့ပေးခဲ့ရတယ်လို့ ကူညီဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။
တောင်ကျရေကြောင့် ညောင်ခြေထောက်မြို့အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနစ်မြုပ်ခဲ့တဲ့အပြင် ဆေးရုံဝင်းအတွင်းပါ ရေဝင်ရောက်ခဲ့တာကြောင့် ဆေးရုံတက်ရောက်နေတဲ့ လူနာ ၂၀ဦးကို အရေးပေါ်ကယ်ထုတ်ပြီး ကျွဲပွဲဆေးရုံကို ပြောင်းရွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ရေတော့ ဆက်မတက်တော့ဘူး၊ ကျလည်းမကျသေးဘူးပေါ့။ ဆေးရုံက လူနာတွေကို မနက်ပိုင်းက ရွှေ့ပြောင်းထားရတယ်” လို့ မြို့ခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
လူနာတွေကို ပြောင်းရွှေ့ရာမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အုတ်တွင်းမြို့ လူမှုကူညီရေးပရဟိတအသင်းတွေက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့တာလို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ်ပိုင်းအထိ ညောင်ခြေထောက်မြို့ မြေနိမ့်ပိုင်းရပ်ကွက်တချို့ကို ရေဝင်ရောက်နေပေမယ့် အရေးပေါ်ရွေ့ပြောင်းတာတွေနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ညောင်ခြေထောက်-ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာလည်း ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာအိုနိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်လာခဲ့တဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ရဲ့ လက်ကျန်အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း နိုင်ငံရဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် မြစ်ချောင်းနံဘေးက ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ကာ မယ်ဇလီကျေးရွာက မိသားစု ခြောက်ဦး သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – ရင်ခုန်သံရှင်ရေးကူညီမှုအသင်း