ကံပေါက်မှာ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်း နှစ်ဦး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ စက်ကုန်းရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ခဲ့ဖူးသူ အမျိုးသားနှစ်ဦးကို အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့ပြီးနောက် သတင်းမရရှိတော့ဘဲ ပျောက်ဆုံးနေတာ နှစ်ပတ်ကျော်အချိန်ထိ ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပျောက်ဆုံးနေသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်က ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ခဲ့ဖူးသူ အသက် ၇၂ နှစ်အရွယ် ဦးတင်ရွှေနဲ့ ယောက်ဖတော်စပ်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဦးကျော်ဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်မှာ ပြည်ခိုင်ဖြိုးပါတီကနေ နုတ်ထွက်ထားသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ဦးတင်ရွှေ ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက တောင်ရင်းအင်းရွာမှာရှိတဲ့ သူ့ရဲ့ခြံထဲကို သွားတဲ့အချိန် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။ နောက်နှစ်ရက်အကြာမှာ ယောက်ဖတော်စပ်သူ ဦးကျော်ဝင်းဟာလည်း တောင်ရင်းအင်းရွာက သူ့ရဲ့ခြံထဲမှာပဲ အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒလန်ဆိုပြီးဖမ်းတာလို့ ပြောတယ်။ ဒါဆိုသူသတင်းပေးလို့ ထိခိုက်ဖူးသူရှိရင် အချက်အလက်ကျကျပြစေချင်တယ်။ ထုတ်ပြန်စေချင်တယ်။ ကျန်ရစ်သူတွေလည်း ပင်ပန်းပြီးပူဆွေးနေကြပါတယ်”လို့ မိသားစုနဲ့ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးက ပြောပါတယ်။
ကံပေါက်ရွာနဲ့ အနီးတဝိုက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို CJ Platform က ဆက်သွယ်မေးမြန်းချိန်မှာတော့ အဖမ်းခံရတာမှန်ပြီး ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာကိုတော့ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကလည်း ဦးတင်ရွှေရဲ့ သားမက်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးတိုးလွင်နဲ့ သမီးဖြစ်သူ ဒေါ်တင်မမတို့ ဇနှီးမောင်နှံကို ကံပေါက်ကနေ တောင်ရင်းအင်းရွာမှာ ဘေးတွဲနဲ့ ဈေးသွားရောင်းတဲ့အချိန် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ ဆွေမျိုးတော်စပ်သူအပါအဝင် ဒေသခံတွေက ပြောပြပါတယ်။
သူတို့ဇနှီးမောင်နှံကိုလည်း ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေကို မိသားစုဝင်တွေအနေနဲ့ အခုချိန်ထိ လုံးဝမသိရဘူးလို့ ဆိုပါတယ်။
“ပထမဆုံး ဈေးသွားရောင်းတဲ့နေ့မှာပဲ အဖမ်းခံလိုက်ရတာ။ ဒေါ်တင်မမကတော့ ဆုံးပြီလိုလို ကြားတယ်။ သူကနဂိုကတည်းက ကျန်းမာရေးမကောင်းဘူး” လို့ မိသားစုနဲ့ ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးက ပြောပါတယ်။
လက်ရှိမှာတော့ ကံပေါက်ဒေသနဲ့ ကျေးရွာချင်းဆက်ရွာတွေဖြစ်တဲ့ ဖားချောင်းရွာနဲ့ တောင်ရင်းအင်းရွာတွေမှာ စစ်ကောင်စီတပ်သားတွေရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ ယာယီစစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ကံပေါက်ကျေးရွာကို မြင်ရပုံ (ပုံဟောင်း)