ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်တဲ့ ထိုင်း-ကရင်နယ်စပ်မှာ Starlink အင်တာနက်တွေ ပိတ်ခံရ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကအသုံးပြုနေတဲ့ Elon Musk ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုတွေဟာ ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၇ နာရီလောက်ကစပြီး ရုတ်တရက် ပိတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုပိတ်ခံရတာဟာ မြဝတီ၊ ရွှေကုက္ကိုလ်၊ ဝေါလေနဲ့ ကျိုက်ဒုံမြို့တွေက ကျားဖြန့်လုပ်ငန်းတွေ အဓိကအခြေစိုက်ရာ နေရာတွေမှာဖြစ်ပြီး၊ ဒီငွေလိမ်လုပ်ငန်းတွေမှာ Starlink အသုံးပြုနေမှုကို အမေရိကန်ကွန်ဂရက်က စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ဖြစ်ပေါ်လာတာပါ။
Starlink စက်အမျိုးအစားတွေထဲကမှ Device ရာပေါင်းများစွာ ချိတ်ဆက်အသုံးပြုနိုင်တဲ့ Gen 2၊ Gen 3 နဲ့ High Performance စက်အကြီးတွေကို အဓိကထား ပိတ်သိမ်းခဲ့တာဖြစ်ပြီး၊ Mini စက်အသေးလေးတွေကတော့ ဆက်လက်သုံးစွဲလို့ရနေသေးတယ်လို့ အသုံးပြုသူတွေက ဆိုပါတယ်။
“ကျားဖြန့်ရှိရာ နယ်စပ်ဒေသတွေကိုပဲ ရွေးပိတ်တာပါ။ ဒီနေ့ ပိတ်သွားတာက သာမန်အသုံးပြုနေကြတဲ့ အင်တာနက်ဆိုင်တွေပါ ပိတ်ခံရတာပါ။ ကျိုက်ဒုံက စက် ၂၅ လုံးထဲက ၁၃ လုံး ပိတ်ခံရတယ်။ စက်အရေအတွက် များတာရယ်၊ နိုင်ငံရေးအခြေအနေတွေအရ အကုန်ခြုံပြီး ပိတ်မယ်လို့ မထင်ပါဘူး။ မသင်္ကာတဲ့စက်နဲ့ အကောင့်ငွေချေမှုတွေ၊ စက်တည်နေရာတွေကို ထောက်လှမ်းပြီး မြို့အလိုက် ပိတ်နိုင်ပါတယ်” လို့ Starlink အသုံးပြုသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခု ပိတ်ခံရတဲ့ Starlink စက်အမျိုးအစားတွေဟာ Device နှစ်ရာကျော်လောက်ထိ ချိတ်ဆက်လို့ရနိုင်တဲ့ စက်အမျိုးအစားတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်း-ကရင်နီနယ်စပ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မိုးကုတ်မြို့တွေမှာတော့ Starlink တွေ ပုံမှန်အတိုင်း သုံးလို့ရနေသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း AFP သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုအရ၊ မြဝတီနယ်စပ်က ငွေလိမ်ဂိုဏ်းတွေဟာ နှိမ်နင်းမှုတွေအပြီးမှာ Starlink အင်တာနက်ကို အားကိုးပြီး အရင်ကထက်ပိုပြီး အရှိန်အဟုန်နဲ့ ပြန်လည်ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။
အာရှဒေသဆိုင်ရာ အင်တာနက်မှတ်ပုံတင်အဖွဲ့ (APNIC) ရဲ့ အချက်အလက်တွေအရလည်း Starlink ဟာ ဇူလိုင်လကစပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးအင်တာနက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းအဖြစ် နေ့စဉ်နီးပါး ရပ်တည်လာခဲ့တာကို တွေ့ရပါတယ်။
ဒီအခြေအနေတွေကြောင့် အမေရိကန်ကွန်ဂရက်က ဒီငွေလိမ်လုပ်ငန်းတွေနဲ့ Starlink ကြားက ပတ်သက်မှုကို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး၊ လိုအပ်ရင် ကုမ္ပဏီပိုင်ရှင် Elon Musk ကိုယ်တိုင်ကို ဆင့်ခေါ်မေးမြန်းနိုင်တယ်လို့ ကြေညာထားခဲ့ပါတယ်။
အခုလို Starlink ပိတ်သိမ်းမှုတွေဟာ အမေရိကန်ကွန်ဂရက်ရဲ့ ဖိအားပေးမှုကြောင့် တိုက်ရိုက်အရေးယူဆောင်ရွက်မှုတစ်ခုလား၊ ဒါမှမဟုတ် ငွေပေးချေမှုပုံစံမမှန်တဲ့ အကောင့်တွေကို ပုံမှန်စစ်ဆေးမှုတစ်ခုလားဆိုတာကိုတော့ သေချာစွာ မသိရှိရသေးပါဘူး။
ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေထဲမှာ လူ ၁၂၀,၀၀၀ အထိ အဓမ္မစေခိုင်းခံနေရနိုင်ပြီး၊ ကမ္ဘောဒီးယားမှာလည်း နောက်ထပ် လူ ၁၀၀,၀၀၀ လောက် အလားတူအခြေအနေနဲ့ ရင်ဆိုင်နေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ – AFP
ပုံစာ – ထိုင်းမြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ရာနေရာတစ်ခုကို မြင်ရပုံ