တော်လှန်ရေးကြောင့် ဗုံးကြဲခံနေရတယ်လို့ ပြည်သူတွေ ထင်ယောင်မှားလာစေရေး စစ်အုပ်စုလုပ်ဆောင်နေဟု ဆလိုင်းယောမန်ပြော

တော်လှန်ရေးကြောင့် ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ပြည်သူတွေ ထင်ယောင်မှားလာစေရေး စစ်အုပ်စုက လုပ်ဆောင်နေတယ်လို့ ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
ချင်းပြည်ထဲ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားချိန် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတို့ကို ဗုံးကြဲတိုက်ခိုက်နေမှုတွေ စစ်အုပ်စုက ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးကို စိတ်ကုန်လာအောင် စစ်အုပ်စုက ပုံဖော်ဝါဒဖြန့်နေတာဖြစ်ပြီး တော်လှန်ရေးမရှိရင် အခုလို ဖြစ်ရပ်မျိုးတွေ ရှိမှာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးကို လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ဆလိုင်းယောမန်က CJ Platform ကို ပြောပါတယ်။
“သူတို့ ပြည်သူကို ပေးချင်တဲ့ Narrative တစ်ခုက ဒီတော်လှန်ရေးကြောင့် ဒီလိုဖြစ်တာ၊ တော်လှန်ရေးသာမရှိရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ တော်လှန်ရေးကြောင့် ဒီလိုဖြစ်ရတာပါဆိုတဲ့ ပုံစံမျိုး ပြည်သူတွေကို လှည့်စားဖို့၊ ပြည်သူတွေ တော်လှန်ရေးကို စိတ်ပျက်လာအောင် လုပ်ဖို့ပေါ့နော်။ တော်လှန်ရေးကို အရောင်ဆိုးတာ” လို့ သူက ဆိုပါတယ်။
အခုလ အောက်တိုဘာ ၈ ရက်နဲ့ ၁၀ ရက်နေ့တို့ကလည်း မင်းတပ်မြို့နဲ့ မတူပီမြို့တို့ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားနဲ့ မသန်စွမ်းအမျိုးသမီးအပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်းအဆောက်အအုံနဲ့ စစ်ဘေးရှောင်စခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ချင်းပြည်အတွင်း မြို့ပေါင်း ၁၆ ခုကို ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်အုပ်စုက ဟားခါး၊ ထန်တလန်နဲ့ ဒေသအနည်းငယ်ကိုသာ ထိန်းချုပ်ထားနိုင်တော့တာသာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သူတို့ အုပ်ချုပ်ခွင့်မရတဲ့ ဒေသကို တော်လှန်ရေးအဖွဲ့အစည်းတွေကို အုပ်ချုပ်လို့မရအောင် ဗုံးကြဲတိုက်ခိုက်နေတာဟာ ယုတ်မာရိုင်းစိုင်းတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်တယ်လို့ ဆလိုင်းယောမန်က ပြောပါတယ်။
တော်လှန်ရေးကို အရောင်ဆိုးကာ စစ်အုပ်စုက ဝါဒဖြန့်ပုံဖော်မှုတွေ လုပ်ဆောင်နေပေမဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိမြင်ပြီးသားဖြစ်သလို စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူ၊ ကိုယ့်အချင်းချင်းအပေါ် အဆုံးစွန်ထိ မိုက်မဲမိုက်ကန်းပြီး လုပ်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈၅ ဦး သေဆုံးခဲ့ပြီး ၂၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က အခုလ အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – CDF မင်းတပ်
ပုံစာ – ချင်းပြည်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို မြင်ရစဉ်