မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးဈေးနှုန်းတွေကို ဈေးကွက်ပေါက်ဈေးထက် ဆယ်သိန်းနီးပါးထိ ပိုမိုဖော်ပြ

စပါးဈေးနှုန်းကျဆင်းနေမှုကြောင့် တောင်သူတွေ အရှုံးဖြင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးဈေးနှုန်းတွေကို ဈေးကွက်ပေါက်ဈေးထက် ဆယ်သိန်းကျပ်နီးပါးထိ ပိုမိုဖော်ပြထုတ်ပြန်လာခဲ့တာကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အောက်တိုဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက် ဆန်ပြည်ပတင်ပို့မှု အခြေအနေနဲ့ ပြည်တွင်းဆန်စပါးဈေးကွက် အရောင်းအဝယ်ပြုလုပ်နေမှု အခြေအနေ သတင်းထုတ်ပြန်ချက်မှာ ဈေးကွက်ပေါက်ဈေးနှုန်းထက် စပါးဈေးနှုန်းတွေကို ပိုမိုဖော်ပြထားတာ ဖြစ်ပါတယ်။
ဈေးကွက်ပေါက်ဈေးဟုဆိုကာ ဆန်စပါးအသင်းချုပ်က ဧည့်မထ တင်းတစ်ရာလျှင် ၁၁ သိန်းမှ ၁၂ သိန်း၊ အထူးဧည့်မထအုပ်စု တင်းတစ်ရာလျှင် ၁၄ သိန်းမှ ၁၅ သိန်းကျပ်၊ ရက် ၉၀၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ စပါးမျိုးများ တင်းတစ်ရာလျှင် ၂၂ သိန်းကျပ်မှ ၂၃ သိန်းကျပ်၊ ဆင်းသုခ တင်းတစ်ရာလျှင် ၁၃ သိန်းကျပ် ဈေးနှုန်းနဲ့ ဈေးကွက်အတွင်း ရောင်းဝယ်နေကြတယ်လို့ ဆန်စပါးအသင်းချုပ်က ဆိုပါတယ်။
မြေပြင်ဈေးကွက်ပေါက်ဈေး အစစ်အမှန်မှာ ရက် ၉၀ စပါးမျိုး တင်းတစ်ရာလျှင် ၁၁ သိန်းမှ ၁၂ သိန်းကျပ်၊ ဧရာပဒေသာစပါးမျိုး တင်းတစ်ရာလျှင် ၁၆ သိန်းမှ ၁၇ သိန်းကျပ်သာ အမြင့်ဆုံး ရရှိနေပြီး တောင်သူတွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
“သူတို့မှားရေးတာလား၊ တမင်ကို သူတို့အဘတွေကို ဈေးရပါတယ်ဆိုပြီး လိမ်ပြချင်တာလားကတော့ သူတို့ပဲ သိလိမ့်မယ်၊ သူတို့ဈေးတွေ မှားနေတယ်၊ သူတို့ပြောတဲ့ ဈေးနဲ့ ဝယ်မယ်ဆို တောင်သူတွေက ‘က’ ပြီး ရောင်းမှာ” လို့ ဧရာဝတီတိုင်းအတွင်းရှိ ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ တစ်လကို ဆန်/ဆန်ကွဲ တန်ချိန် ၃ သိန်းနှုန်းနဲ့ စုစုပေါင်း တန်ချိန် ၁၈ သိန်း တင်ပို့ရောင်းချနိုင်ဖို့ လျာထားတယ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိမှာ စပါးဈေးနှုန်းတွေက ဆက်တိုက်ဆိုသလို ကျဆင်းနေပြီး မိုးစပါးအထွက်စုံလာချိန်မှာ ဈေးနှုန်းပိုမိုကျဆင်းမှာကို တောင်သူတွေအနေနဲ့ စိုးရိမ်နေကြရပါတယ်။