ထီးခီးဒေသကို စစ်အုပ်စု ဗုံးကြဲ

Author CJ Platform
Categories
Published on Oct 08, 2025

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထီးခီးရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃၅၀ ခန့်ဟာ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် ထိုင်းနယ်စပ်တာဝန်ရှိသူတွေက ဝင်ခွင့်မပေးခဲ့ဘဲ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ထိုင်းနယ်စပ်ဂိတ်နဲ့ တစ်မိုင်ခန့်သာ ကွာဝေးတဲ့ ထီးခီးရွာထဲကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ထိုင်းနယ်စပ်ဂိတ်နားအထိ တိမ်းရှောင်ထွက်ပြေးလာကြတယ်လို့ ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်မှာလည်း ဖော်ပြထားပါတယ်။

 

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးကလည်း ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားသလို ဒေသခံပြည်သူ ၃၅၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်ကလည်း ထီးခီးရွာကို တရုတ်နိုင်ငံထုတ် K-8 အပေါ့စားတိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ ပေါင် ၅၀၀ ဗုံး ၂ လုံး မကြဲချမီ စက်သေနတ်နဲ့ ပစ်ခတ်သံကိုလည်း ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ထီးခီးဒေသဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ ထိန်းချုပ်ဒေသထဲမှာ ရှိနေတာဖြစ်ပြီး စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု ရှိမရှိ အခြေအနေကိုတော့ KNU မြိတ်-ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ထိုင်းနယ်စပ်အနီး စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိုင်းဘက်ခြမ်းကို ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေမယ့် ထီးခီးဒေသနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်ကို လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းဘက်ခြမ်းထဲ စစ်ဘေးရှောင်ဝင်ရောက်ခိုလှုံလိုတဲ့ ဒေသခံပြည်သူတွေကို ထိုင်းစစ်တပ်က ဝင်ခွင့်မပေးခဲ့ပေမယ့် အစားအစာနဲ့ သောက်ရေကို ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

 

နယ်စပ်ဂိတ်ကနေတစ်ဆင့် ထိုင်းစစ်တပ်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့က ခွင့်ပြုပါက ဝင်ရောက်လာမယ့် စစ်ဘေးရှောင်တွေအတွက် ယာယီတဲတွေနဲ့ လိုအပ်တဲ့အကူအညီတွေကိုလည်း ပြင်ဆင်ထားဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

 

ဓာတ်ပုံ – KNU