စစ်ကိုင်းမှာ တစ်နေ့တည်း လူငယ် ၁၅ ဦးခန့် ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Sep 30, 2025

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်အုပ်စုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်နေ့ တစ်နေ့တည်းမှာ ခရီးသွားလူငယ် ၁၅ ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကိုင်းမြို့အတွင်းက ဘူတာရုံထောင့်၊ ရုပ်ရှင်ရုံထောင့်နဲ့ မြို့မဈေးရှေ့ စတဲ့ နေရာတွေမှာ စစ်အုပ်စု လက်အောက်ခံ တပ်သားတွေနဲ့ ပျူတွေဟာ နေရာအနှံ့ လုံခြုံရေးတင်းကြပ်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး လူငယ် ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီကနေ့ ဖမ်းခံရတာက လူငယ်တွေ များတယ်ဗျ။ လောလောဆယ် ထွေအုပ်ရုံးထဲ ခေါ်သွားတယ်ဗျ” လို့ The Voice of Wetlet Madayar အဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၃၀ နှစ်အရွယ်တွေဖြစ်ပြီး စစ်အုပ်စုဟာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ညနေ ၃ နာရီခွဲခန့်မှာ မြို့နယ်ထွေအုပ်ရုံးအတွင်း ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

 

“ဒီနေ့လည်း စစ်ဆေးအဖမ်းအဆီး ရှိတယ်။ အဝိုင်းဘက် (အသင်္ခယာစောယွန်းရုပ်ထုဝန်းကျင်) မှာ၊ မြို့တွင်း အဖမ်းအဆီးတွေများတော့ အနေကြပ်တယ်လို့” စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းမြို့မှာ အခုရက်ပိုင်း၊ နေ့ပိုင်းအချိန်တွေမှာ လက်ဖက်ရည်ဆိုင်ကဲ့သို့ လူစည်ကားရာနေရာတွေ၊ လမ်းသွားလမ်းလာပြည်သူတွေသာမက မြို့ပေါ်ရပ်ကွက်ရှိ အိမ်တွေထဲမှာပါ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

 

​ စစ်အုပ်စုဟာ လျော့နည်းလာတဲ့ စစ်အင်အားကို ဖြည့်တင်းရန်အတွက် နိုင်ငံအနှံ့ လူသစ်စုဆောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့က စစ်မှုထမ်းအခြေခံသင်တန်း အမှတ် ၁၇ ကို ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေအတွက် အခုလို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းနေတာ ဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်