KTV နှုတ်ဆက်ပွဲကတဆင့် သတင်းပေါက်ကြားစေတာကြောင့် တပ်မ (၄၄) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ဝင်းနောင်စိုး သေဒဏ်ထိုက်တဲ့ ပုဒ်မနဲ့ အရေးယူခံထားရ

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇန်နဝါရီ ၂၉ မှာ KNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ Eurocopter အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို မြဝတီ သင်္ကန်းညီနောင်ကျေးရွာအနီးမှာ ပစ်ချနိုင်ခဲ့ပါတယ်။ ဒီလို ပစ်ချနိုင်ခဲ့တာဟာ တပ်မ (၄၄) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ဝင်းနောင်စိုး ထံက တဆင့် သတင်းပေါက်ကြားခဲ့တာကြောင့်ဆိုပြီး ဗိုလ်မှူးချုပ်ဝင်းနောင်စိုးကို သေဒဏ်ထိုက်တဲ့ တပ်မတော် အက်ဥပေဒေပုဒ်မ ၃၂(တ) နဲ့ စစ်ကောင်စီက အရေးယူခဲ့တဲ့အကြောင်း ပေါက်ကြားလာတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
CJ Platform က ရရှိထားတဲ့ ပေါက်ကြားလာတဲ့ မှတ်တမ်းအရ တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းနောင်စိုးဟာ ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း ဖလူးဒေသမှာ တာဝန်ထမ်းဆောင်နေစဉ်မှာ စရခ (စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး) ကို အရန်အင်အားအဖြစ် တွဲဖက်တဲ့အမိန် ထွက်လာခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုအမိန့်ထွက်လာတဲ့အကြောင်းကို ဗိုလ်မှူးချုပ်ဝင်းနောင်စိုးက BGF က ဗိုလ်မှူး စောဒီးဒီးကို အသိပေးပြောကြားခဲ့ပါတယ်။ BGF က နှုတ်ဆက်ညစာစားပွဲနဲ့ King KTV မှာ ပါတီပွဲလုပ်ပေးခဲ့ပါတယ်။ ဒီလိုသူတက်ရောက်ခဲ့တဲ့ ညစာစားပွဲနဲ့ ပါတီပွဲကနေ တပ်မမှူးအချိန်းအပြောင်းသတင်း ပေါက်ကြားစေခဲ့တယ်လို့ မှတ်တမ်းမှာပါရှိပါတယ်။
ဒီလိုသတင်းပေါက်ကြားခဲ့တာကြောင့် တပ်ချိန်းပြောင်းဖို့ လာတဲ့ ယာယီတပ်မမှူး ဗိုလ်မှူးကြီးအေးမင်းနောင်အပါအဝင် (၆) ဦးစီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ပစ်ချခံခဲ့ရပါတယ်။ ရဟတ်ယာဉ်ဟာကြေမွပျက်စီးခဲ့ပြီး ရဟတ်ယာဉ်ပေါ်လိုက်ပါလာတဲ့ ဗိုလ်မှူးကြီးအေးမင်းနောင်အပေါအဝင် (၅)ဦး ကျဆုံး ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ “တပ်မတော်ပိုင်မည်သည့်ယာဉ်/ပစ္စည်းကိုမဆို ရန်သူက ဖမ်းဆီး/ဖျက်ဆီးခြင်းပြုနိုင်ရန် သစ္စာမဲ့စွာ/ရှက်ဖွယ်ကောင်းစွာပြုလျှင်” အရေးယူရတဲ့ တပ်မတော်အက်ဥပဒေပုဒ်မ ၃၂(တ) နဲ့ ထိုက်တဲ့ပစ်မှုဖြစ်တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဗိုလ်မှူးချုပ်ဝင်းနောင်စိုးဟာ တပ်မ ၄၄ ကိုမရောက်ခင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ နည်းပြ ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက်၂၀၂၂ အောက်တိုဘာ မှာ တပ်မ (၄၄) တပ်မမှူးအဖြစ် တာဝန်ပေးခံရတာပါ။ တပ်မမှူးအဖြစ် တာဝန်ယူပြီး ၁ နှစ်အကြာမှာတော့ ဗိုလ်မှူးချုပ်အဖြစ် အဆင့်တို့မြှင့်ခံရပါတယ်။ အဲ့ဒီနောက် အရေးယူခြင်းမခံရမီ ၂၀၂၄ ဇန်နဝါရီ ၄ ရက်မှာ တပ်မတော်ဆိုင်ရာစွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ စစ်မှုထမ်းကောင်း တံဆိပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးအပ်ခဲ့ပါတယ်။ သေဒဏ်ထိုက်တဲ့ ပုဒ်မနဲ့ အရေးယူခြင်းခံရပြီးနောက် ဗိုလ်မှူးချုပ်ဝင်းနောင်စိုးရဲ့ အခြေအနေတွေကိုတော့ CJ Platform အနေနဲ့ စုံစမ်းနိုင်ခြင်းမရှိသေးပါဘူး။
ဒီအကြောင်းအရာဟာ အကြီးတန်းလက်ထောက်စစ်ဥပဒေချုပ် ဗိုလ်မှူးကြီးသောင်းအေး ရဲ့ တပ်မတော် အက်ဥပဒေကြောင်း ရှင်းလင်းချက် မှတ်တမ်းဖိုင်မှာ အရေးယူခဲ့တဲ့ ရည်ညွှန်းဖြစ်စဉ်အနေနဲ့ ဖော်ပြထားတာပဲဖြစ်ပါတယ်။ CJ Platform က ရရှိထားတဲ့ ဒီမှတ်တမ်းဖိုင်တွေထဲက ထူးခြားဖြစ်စဉ်တွေကိုလည်း ထပ်မံဖော်ပြပေးဖို့ရှိပါတယ်။