KTV သို့တရားခွေသွားပို့ကာ တရားဆွေးနွေးရင်း အရိုက်ခံရသည့် သတင်းအား မမှန်မကန်ဖော်ပြခဲ့သည်ဟုဆိုကာ မင်းသားကြီးမှ CJ Platform သတင်းဌာနအား အရေးယူပေးရန် မင်းအောင်လှိုင်ထံ တိုင်ကြား

Author ကိုပေါက်
Categories
Published on Nov 27, 2022

မန္တလေး ၅၉ လမ်းရှိ Boss KTV တွင် အခန်းခမရှင်း၍ အရိုက်ခံရသည့် တပ်ထောက်ခံသူမင်းသားကြီးသည် KTVသို့ တရားခွေသွားပို့ကာ တရားဆွေးနွေးရင်း PDFထောက်ပံ့သူများမှ ဝိုင်းရိုက်ခဲ့ခြင်းဖြစ်တာကြောင့် သတင်းလိမ်လည် ဖော်ပြထားသည့် CJ Platform သတင်းဌာနအား အရေးယူပေးပါရန် ချစ်အဖေဟု မင်းအောင်လှိုင်ကို ရည်ညွှန်းကာ ချစ်အဖေချစ်သော ချစ်သားကြီး မင်းသားကြီးကိုယ်စား အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်သည် နိုဝင်ဘာလ ၂၅ရက်နေ့ ညပိုင်းတွင် မင်းသားကြီး (ခ) အောင်ဆန်းဦးသည် မိတ်ဆွေ သူငယ်ချင်း သုံးဦးနှင့် Boss KTVတွင် အခန်းဝင်ရောက်ပြီးနောက် အခန်းခမပေးဘဲ စစ်တပ်က လူကွ စစ်တပ်ခေါ်လိုက်မယ်ဟု ပြောဆိုခဲ့ခြင်းကြောင့် လူငယ်အချို့မှ ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်အား မင်းသားကြီးမှ KTVသို့ တရားခွေများ သွားရောက်ပို့ဆောင်ရင်း တရားဓမ္မများဆွေးနွေးနေချိန်တွင် PDFထောက်ခံသူများနှင့် မူးယစ်ဆေးရောင်းချသူများမှ ဝိုင်းဝန်းရိုက်ခဲ့သူဖြစ်ပြီး မန္တလေးသို့ ရောက်ရှိနေခြင်းမှာ မင်းအောင်လှိုင်ရုပ်တုအား ထုလုပ်ရန်အတွက် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်း၏ တိုင်စာတွင် ဖော်ပြထားသည်။

“ချစ်အဖေသားကြီးကျွန်တော် ”မင်းသားကြီး”သည် (၂၃-၁၁-၂၀၂၂)ရက်နေ့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင်၊ ချစ်အဖေမွေးနေ့ အဓိဌာန်အလှူငွေ(သုံးသိန်ကျပ်)တိတိလှူဒါန်း၍ ဆင်ဖြူတော်များကိုဆင်စားကျွေးမွေးခဲ့ပါသည်….. – (၂၅-၁၁-၂၀၂၂)ရက်နေ့တွင် ချစ်အဖေသားကြီးအိမ်ရှေ့တွင် ထားရှိဂုဏ်ပြုမည့် ချစ်အဖေရုပ်ထုကြီးအပ်နှံရန် မန္ထလေးမြို့သို့သွားရောက်ခဲ့ပါသည်၊ မန္ထလေးမြို့သို့ သွားရောက်စဉ် မိတ်ဆွေကောင်းများကတွေ့ဆုံချင်ကြောင်း ဖုန်းဆက်ခေါ်သဖြင့် မန္ထလေးမြို့ (၅၉)လမ်းရှိ (Boss-KTV)သို့သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်…. ထိုအချိန်တွင် မူးယစ်ဆေးဝါးများကို မန္ထလေး ရန်ကုန်မြို့များတွင် အကြီးအကျယ်ရောင်းချနေသော မန္ထလေးမြို့ (၃၅လမ်း-၆၁လမ်း)ထောင့်တွင် မူးယစ်ဆေးဝါးများကို အကြီးအကျယ်ရောင်းချရသော တရားမဝင်ငွေကြေးများဖြင့် Classic ဆိုင်ဖွင့်လှစ်ထားသော မန္ထလေးမြို့အကြမ်းဖက် (PDF)ကိုငွေကြေးထောက်ပံ့နေသူ ကိုနိုင် ဆိုသူရောက်လာသဖြင့် ကျွန်တော်တို့လူကောင်းတွေ ခင်ဗျားလာရောက်မတွေ့ဆုံရန် ပြောကြားပြန်လွှတ်ခဲ့ပါသည်…..
– ချစ်အဖေသားကြီးကျွန်တော် “မင်းသားကြီး” မိတ်ဆွေကောင်းများကိုနှုတ်ဆက်၍ ည(၇)နာရီအချိန်ပြန်ရန် ကားပေါ်အထွက်တွင် ဓါး သေနတ်များကိုင်ဆောင်ထားသော အရပ်ဝတ်လူမိုက်များက မင်းလားကွ “မင်းသားကြီး”ဆို၍ဝိုင်းဝန်းသတ်ဖြတ်ရန်ကြိုးစားလုပ်ဆောင်ခဲ့ကြပါသည်”ဟု မင်းသားကြီး၏ မင်းအောင်လှိုင်ထံ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အထက်ပါ ဖြစ်စဉ်အား မင်းသားကြီးမှ ဗိုလ်မှူးအောင်နိုင်ဌေးဆိုသူကိုပါ ဖုန်း ၂၂ကြိမ်ခေါ်ကာ တိုင်ကြားခဲ့သော်လည်း မကူညီပေးခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

“ဗိုလ်မှူးအောင်နိုင်ဌေးကို ၂၅ရက်နေ့က တိုင်တာ မကူညီပေးဘူး၊ CJ Platform သတင်းဌာနက သတင်းကိုပါ SSလုပ်ပြီး သူ့တိုင်စာမှာ ထည့်ပြီး ဝမ်းကြီးကို စာပို့တိုင်တာကို သူပထမ Facebookမှာတင်ထားသေးတယ် ပြီးတော့မှ ဖျက်ချလိုက်တာ၊ စာထဲမှာ CJ Platform သတင်းဌာနနဲ့ သတင်းရေးသူကို ချစ်အဖေ အရေးယူပေးပါလို့ တိုင်တာ”ဟု အမည်မဖော်လိုသူ စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

လက်ရှိအချိန်တွင် ဝိုင်းဝန်းရိုက်နှက်ခံရစဉ် လာရောက် မကူညီပေးသည့် ဗိုလ်မှူးအောင်နိုင်ဌေးနှင့် သတင်းရေးသားဖော်ပြခဲ့သည့် CJ Platform သတင်းဌာနကို အရေးယူပေးရန် မင်းသားကြီးမှ မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသို့ တိုင်ကြားထားကြောင်း သိရသည်။

CJ Platform မှ ဖော်ပြခဲ့သည့် သတင်း Link ..
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းသားကြီး #မင်းအောင်လှိုင် #တိုင်စာ

Related News

Depend on news