KTVတွင် “ခေါ်သံကြားလား” သီချင်းဆိုနေသည့် ဗိုလ်ကြီးနှစ်ဦး လက်နက်ကိုင်များရောက်လာပြီး ပစ်ခတ်၍ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Nov 19, 2022

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယမန်နေ့ညပိုင်းက KTV တစ်ခုတွင် အဆိုတော် ဂျွန်ဟမ်း၏ “ခေါ်သံကြားလား “သီချင်းသီဆိုနေသည့် စစ်ကောင်စီတပ် ဗိုလ်ကြီးနှစ်ဦးကို လက်နက်ကိုင်များရောက်လာ၍ ပစ်ခတ်ခဲ့ရာ တစ်ဦးနေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။


ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ ဖားကန့်-လုံးခင်း ရှိ Sky Hotel & Restaurantတွင် ၁၁ နာရီက သီချင်းဆိုနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူများမှ ဝင်ရောက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“သီချင်းဆိုနေတုန်း ဝင်အပစ်ခံရတာ အပစ်ခံရချိန် ဖွင့်ထားတဲ့ သီချင်းက ဂျွန်ဟမ်းရဲ့ ခေါ်သံကြားလား သီချင်းတဲ့ ခေါ်သံမကြားလိုက်တော့ ပြေးချိန်တောင် မရလိုက်ဘူး”ဟုပြောသည်။

သေဆုံးသူမှာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ အမှတ် ၃၃၁ နည်းဗျူဟာအဖွဲ့မှ ဗိုလ်ကြီးဝင်းလှိုင်မိုးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဗိုလ်ကြီးမြင့်အောင်ဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“တစ်ဦးသေတယ် ဒဏ်ရာရတဲ့သူကလည်း အခြေအနေမကောင်းဘူး သေဖို့များတယ် အခု ဖားကန့်ဆေးရုံကနေ စစ်ဆေးရုံကို ပြောင်းထားတယ် ထပ်အပစ်ခံရမှာစိုးလို့”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များက ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ ဖားကန့်-လုံးခင်း ရှိ Sky Hotel & Restaurantတွင် စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။