စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တရုတ်က နည်းပညာပိုင်း ကူညီနေကြောင်း တရုတ်အထူးကိုယ်စားလှယ် ထုတ်ဖော်ပြော


နိုင်ငံတကာက အသိအမှတ်မပြုဘဲ၊ တော်လှန်ရေးအင်အားစုတွေက အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီးကျင်းက တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

ဒီပြောကြားချက်ကို နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားမှာ စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာတွေနဲ့ သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပြီး၊ ဒီကနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

 

“အထွေထွေရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းမှန်ကို တဆင့်ချင်း ဖြောင့်ဖြောင့်တန်းတန်း သွားနေပြီလို့ ဆိုချင်ပါတယ်” လို့ တိန့်ရွှီးကျင်းက ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

အခမ်းအနားမှာ မိန့်ခွန်းပြောကြားချိန်မှာလည်း သူက မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ မြင့်တက်လာမှာကို မလိုလားကြောင်းနဲ့ ရွေးကောက်ပွဲကို ရုပ်ဝတ္ထုပစ္စည်းနဲ့ နည်းပညာပိုင်းတွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

 

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဘူးလို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေချိန်မှာ၊ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

 

တိန့်ရွှီးကျင်းဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်မှာ စစ်ကော်မရှင်ဘက်က စစ်ရှုံးနေချိန်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ကို တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖိအားပေးခဲ့သလို၊ တခြားတော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့မှုတွေ မလုပ်ဖို့ UWSA ဝတပ်ဖွဲ့ကို ဖိအားပေးခဲ့သူလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro SAC