KNU နယ်မြေအတွင်း စစ်ကောင်စီတပ်များ တိုက်ခိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံးဒေသခံ (၅၅၀၀) နီးပါး စစ်ဘေးရှောင်နေရ

Author လင်းနွေဦး
Categories
Published on Nov 02, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားအမျိုးသမီးငယ် (၁) ဦးသေဆုံးခဲ့ကြောင်း KNU ထံမှ သိရသည်။

ထို့ပြင် အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၁ ရက် နှစ်ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရသလို အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မူး(မုန်း)မြို့နယ်အတွင်းမှ ကျေးရွာ(၈၀)မှ ပြည်သူ ၅၅၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း KNU ထံမှ သိရသည်။

နိုဝင်ဘာ (၁) ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က စစ်ကောင်စီတပ်များသည် နတ်သံကွင်းတံတားမှနေ၍ အနီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးများအကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ သပြေကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၇၆)နှစ်အရွယ် ယင်းရွာသားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်(၄၁)လုံးမှ ပြည်သူလူထု (၂၂၂)ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၃၁)ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် ခမရ-၄၃၉ တပ်ရင်းမှနေ၍ ကျေးရွာများအတွင်းသို့ ဟောင်ဝစ်ဇာ ၁၅၅ မမ ၄ လုံး ပစ်ခတ်သဖြင့် ပျဉ်းမကျေးရွာ အတွင်း (၁) လုံး ၊ ရေလဲ(အရှေ့ဘက် ကမ်း)သို့ (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပျဉ်းမကျေးရွာနေ ညားဆာဖော၏ နေအိမ် ထိမှန်ပျက်စီးကာ အိမ်ထဲရှိ အသက် (၁၇) နှစ် အရွယ် နော်ဒါးဖော်မှာ ကျည်စထိမှန်၍ ဘယ်ဘက်ဒူး ပြတ်ထွက် သေဆုံးခဲ့ရကြောင်း သိရသည်။

ရေလဲ(အရှေ့ဘက်ခြမ်း)ကျေးရွာတွင်လည်း လက်နက်ကြီး(၂)လုံး ကျရောက်ပေါက်ကွဲသောကြောင့် နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်(၁)စီး ထိမှန်ပျက်စီးခဲ့ရပြီး ပြည်သူ(၁)ဦးမှာ ပေါင်နှင့် ခြေသလုံးတွင်လည်း‌ကောင်း၊ အသက် (၉)နှစ်အရွယ် နော်စေးလာဝါးမှာ ညာလက်ညှိုး တွင် ကျည်စထိမှန်ဒဏ်ရာများနှင့်အတူ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုမျှမကဘဲ မွန်းလွဲ (၂ နာရီ ၁၅ မိနစ်ခန့်တွင် MI-35 Attack ဟယ်လီကော်ပတာဖြင့် ရေလဲ(အရှေ့ဘက်ကမ်း) နှင့် အနောက်ဘက်ကမ်းတို့ရှိ ကမ်းစပ်တစ်လျှောက် (၃)ကြိမ် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီခွဲတွင် စစ်တောင်းမြစ် ကမ်းစပ်တစ်လျှောက်ရှိ သောင်းကြီး၊ ဝက်တူး၊ကျီးပင်ပေါက်၊ ပျဉ်းမပင်၊ ကင်းမွန်းချုံ၊ ငတိုးခင်၊ သင်္ကန်း ပင်ရွာများအပေါ်သို့ ပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏ အရပ်သားများအပေါ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တောင်းမြစ် ကမ်းစပ်ကျေးရွာ (၇) ရွာမှ စုစုပေါင်း ပြည်သူ (၅၂၃၈) ဦးနှင့် သပြေကုန်းကျေးရွာမှ ပြည်သူ (၂၂၂) ဦး ပေါင်း (၅၄၆၀) ဦးထက်မနည်း စစ်ရှောင်နေရကာ ကျန်ကျေးရွာ များ၏ လူစာရင်းကို ကောက်ယူဆဲဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။