KNU နယ်မြေအတွင်းရှိ အရပ်သားများထံမှ စစ်ကောင်တပ်ဖွဲ့ဝင်များ ထပ်မံငွေညှစ်

Author လင်းနွေဦး
Categories
Published on Nov 13, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေအတွင်းရှိ အရပ်သားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ပိုင်းအတွင်း ထပ်မံငွေညှစ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

KNU နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိမြို့နယ်အတွင်းရှိ သံဆိပ်ကျေးရွာအုပ်စုမှ ကျေးရွာ(၅)ရွာမှအရပ်သားများသည် စစ်ကောင်စီ ခလရ-၇၅ သံဆိပ်စခန်းမှ ဗိုလ်မှူး မျိုးဝင်းထွန်း ဦးဆောင်သောအဖွဲ့၏ ငွေညှစ်ခြင်းခံခဲ့ရကြောင်း KNU ထံမှ သိရသည်။

ယင်းဖြစ်စဉ်သည် နိုဝင်ဘာလ (၈)ရက် နံနက် (၉) နာရီကျော်တွင် ဗိုလ်မှူး မျိုးဝင်းထွန်း ဦးဆောင်သည့်အဖွဲ့က ၎င်းတို့စခန်းတွင်းသို့ ကျေးရွာ(၅)ရွာရှိ အရပ်သားများကို တစ်ကြိမ်လျှင် (၁၀)ယောက်စီ ဝင်ခိုင်း၍ တံခါးပိတ်စကားပြောဆိုငွေကောက်ခဲ့သည်ဟု KNU က ဆိုသည်။

“တစ်အိမ်ကို ငွေ ငါးသောင်းကျပ်စီ ပေးဆောင်ရမှာဖြစ်တဲ့အပြင် ခြံပိုင်ရှင်တွေကိုလည်း ခြံသေးတစ်ခြံကို (၅)သောင်းကျပ်နဲ့ ခြံကြီး(၁)ခြံ (၁)သိန်းကျပ် ဆိုပြီး နိုဝင်ဘာ (၁၁) ရက်နေ့ အပြီးပေးရမယ်။ သတ်မှတ်ငွေမပြည့်ရင် လက်မခံဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦး၏ပြောကြားချက်ကို KNU ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

သံဆိပ်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာ(၅)ရွာ အဖြစ် မင်းလမ်း၊ သံဆိပ်ရွာမ၊ မဲဇောင်း၊ ကမ်းနီ၊ ပန်းအင်း စသည့်ကျေးရွာတို့ပါဝင်ပြီး အိမ်ခြေ ၉၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များတောင်းသည့် ငွေများကို ပြီးခဲ့သည့် နိုဝင်ဘာ(၁၁)ရက်နေ့က သွားရောက်ပေးဆောင်ခဲ့ရသည်ဟု KNU မှ ဖော်ပြထားသည်။

အလားတူ ငွေညှစ်မှုမျိုးအဖြစ် KNU နယ်မြေ သထုံခရိုင် ဖားအံ မြို့နယ်ရှိ စစ်ကောင်စီနှင့် ပူးပေါင်းလက်အောက်ခံတပ်ဖြစ်သည့် BGF-1014 တပ်ခွဲမှူး ဗိုလ် တင်ဝင်းဦးဆောင်သည့်အဖွဲ့မှ နိိုဝင်ဘာ(၃)ရက်နေ့၌ အနီးရှိ ဝဲပျံနှင့် တကောင်ဘိုးတိုက်နယ်တို့ရှိ ကျေးရွာ(၂၄)ရွာမှ စုစုပေါင်း ငွေကျပ်(၁၉၄)သိန်းကို ဘုရားသိမ်တည်ရန်ဟုအကြောင်းပြကာ အတင်းအဓမ္မငွေညှစ်မှုပြုလုပ်ခဲ့သည်။