KNU နယ်မြေတွင် လက်နက်ချသည့် စစ်သားများကို ခေါင်းဖြတ်သတ်ဟု စစ်ကောင်စီတပ်တွင်း သတင်းလွှင့်ထား ⬛ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းသော ဒုတပ်ကြပ်ကို KNU က ကျပ်သိန်း ၁၅၀ ချီးမြှင့်

Author လင်းနွေဦး
Categories
Published on Dec 21, 2023

ကရင်အုပ်ချုပ်မှုနယ်မြေများဖြစ်သည့် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့အတွင်း လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးရဲဘော်များက အသက်ချမ်းသာခွင့်မပေးဘဲ ခေါင်းဖြတ်သတ်လေ့ရှိသည်ဟု တပ်တွင်းသတင်းလွှင့်ထားကြောင်း CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

ပဲခူးတိုင်း၊ မူး(မုန်း)မြို့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိနာလျက်ရှိရာ လက်နက်ချအညံ့ခံလိုသူများရှိသော်လည်း အထက်ပါအတိုင်း သတင်းဖြန့်ထားသည့်အတွက် အညံ့ခံရန် တွန့်ဆုတ်နေသူများရှိနေကြောင်း CJ Platform သတင်းရင်းမြစ်က ဆိုသည်။

 

” အဲဒီဘက်မှာကျနေတဲ့လူတွေ တော်တော်များတယ်။ ကျွန်မမောင်လေးလည်း အဲဒီမှာ ကျနေတာ။ ဒဏ်ရာတွေရထားတယ်ကြားတယ်” ဟု ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

ရှေ့တန်းရောက် ၎င်း၏ မောင်နှင့် ၎င်းတို့သည် နှစ်ပတ်ခန့်ကြာ အဆက်အသွယ်ပြတ်သွားပြီးနောက်မှ အဆက်အသွယ်ပြန်ရခဲ့ပြီး ဒဏ်ရာများရရှိထား၍ ဆေးရုံတက်နေရသည်ကို သိရှိရကြောင်း ၎င်းက ဆိုသည်။

 

“မောင်လေးက ကျွန်မကို ငိုယိုပြီးတော့ ပြောတယ်။ သူမလုပ်ချင်တော့ဘူး။ ထွက်တော့မယ်။ ဘယ်လိုလုပ်လုပ်ရမလဲလို့ပြောတော့ ကျွန်မက လက်နက်ချအလင်းဝင်လိုက်ဖို့ပြောတဲ့အခါ သူက ဒီဘက်မှာ လက်နက်ချရင် ကရင် (KNU)တွေက ခေါင်းဖြတ်သတ်တယ်လို့ ပြောတယ်။ အဲဒါကြောင့် လက်နက်လည်းမချရဲဘူးလို့ပြောတဲ့အကြောင်း” အထက်ပါအမျိုးသမီးက ပြောသည်။

 

သို့သော် KNU အနေဖြင့် အလင်းဝင် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်၍ သတ်ဖြတ်ခြင်းမရှိဘဲ အလင်းဝင်လာသူများကို ဆုငွေများပင်ချီးမြှင့်ပေးနေသည်ကို ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

KNU အနေဖြင့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့်စစ်သားမဆို ၎င်းတို့၏ ရှေ့ဆက် ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်သကဲ့သို့ သာမန် ပြည်သူအနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဒီဇင်ဘာ ၁၉ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင် စစ်ကောင်စီ ဒုတပ်ကြပ်အဆင့် စစ်သည်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းသည့်အတွက် ဆုကြေးငွေ သိန်း ၁၅၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

 

၎င်းသည် ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို (၂၃)နှစ် ဖြစ်ပြီး ၎င်းနှင့်အတူ MA-4 အမျိုးအစား တစ်လက်၊ ၄၀ မမ (၈)လုံး၊ ကျည်ဘောက် (၄)ဘောက်နှင့် ၅.၅၆ ကျည် (၇၅)တောင့်တို့ကို ယူဆောင်ကာ တပ်မ(၆)၊ ကွန်မန်ဒို တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ဒုတပ်ကြပ်ရဲကိုကိုက “ တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက်သည်းခံနိုင်မှု မရှိတော့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်သဖြင့် တပ်မှ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ နွေးထွေးသောပြည်သူ့ရင်ခွင်သို့ ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်” ဟု ဆိုကြောင်း KNU က ဖော်ပြသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းတွင် ခလယ်လွီထူခရိုင် ရှိ မူး(မုန်း)မြို့နယ်တိုက်ပွဲများအတွင်း KNLA နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များထံသို့ ခမရ -၈၄ မှ ဒုရင်းမှူးအပါအဝင် တပ်သား (၁၇)ဦး လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။