KNU ထံမှ သတင်းရယူခွင့်ပုံစံ ပြောင်းလဲ၊ ကြန့်ကြာမှုများရှိ

Author လင်းနွေဦး, ဂျွန်နသန်
Categories
Published on Nov 07, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)ထံမှ သတင်းမီဒီယာများ၏ သတင်းရယူခွင့်ပုံစံကို ယမန်နေ့ကစတင်၍ ပြောင်းလဲလိုက်သည်။

 

KNU ဗဟိုဌာနချုပ်မှ ၎င်းတို့၏ သတင်းထုတ်ပြန်ချက်များ၊ သဘောထားထုတ်ပြန်ချက်များနှင့်ပတ်သတ်၍ ပြောရေးဆိုခွင့်ရှိသူ(၂)ဦးကို တိုက်ရိုက်ဆက်သွယ်ခွင့်မပေးတော့ဘဲ ပြောရေးဆိုခွင့်ရှိသူများကို တစ်ဆင့်ခံဆက်သွယ်ရမည့်သူနှစ်ဦးထံမှတစ်ဆင့် ဆက်သွယ်မေးမြန်းရတော့မည်ဖြစ်သည်။

 

ယခုသတင်းအကြောင်းအရာနှင့်ပတ်သက်၍ CJ Platform သတင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူများ၏ တစ်ဆင့်ခံပုဂ္ဂိုလ်များထံ နေ့လယ်ပိုင်းကတည်းက ဆက်သွယ်ခဲ့သော်လည်း ယခုသတင်းရေးသားချိန် ည ၇ နာရီအထိ အဖြေပြန်မရခဲ့ပေ။

 

ထို့ကြောင့် KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ တိုက်ရိုက်ဆက်သွယ်မှသာ အဆက်အသွယ်ရခဲ့သည်။

 

ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ နှောင့်နှေးမှုများရှိနေသည့်ကိစ္စနှင့်ပတ်သက်၍ ပဒိုစောတောနီးက

“အခိုက်အတန့်အားဖြင့်တော့ နှောင့်နှေးနိုင်ပါတယ်။ သို့သော်ရေရှည်အတွက် အကျိုးရှိပါလိမ့်လို့‌တော့ ယုံကြည်ပါတယ်။ အ‌ကောင်းဆုံးတော့ ကြိုးစားသွားပါ့မယ်။ ကျေးဇူးပါ” ဟု ​CJ Platform သို့ ပြန်လည်ဖြေကြားသည်။

 

K.N.U ၏ နိုဝင်ဘာလ (၆) ရက်ထုတ်ပြန်ချက်အတွင်း၌ ” K.N.U ၏ သဘောထားထုတ်ပြန်ချက်များဖြစ်စေ၊ သတင်းထုတ်ပြန်ချက်များဖြစ်စေ ပြောရေးဆိုခွင့်ရှိသူ(Spoke Person)အဖြစ် (၁)ပဒိုစောတောနီး(ဗဟိုအလုပ်အမှုဆောင်ကော်မတီ)၊ (၂) ပဒို စောကလယ်စေး(ဗဟိုအမြဲတမ်းကော်မတီ)တို့ကို တာဝန်ပေးအပ်သည်” ဟု ဖော်ပြထားသည်။

 

ထို့ပြင် သတင်းထုတ်ပြန်ချက်များနှင့် သဘောထားထုတ်ပြန်ချက်များအတွက် ပြောရေးဆိုခွင့်ရှိသူ (Spoke Person)များနှင့် ဆက်သွယ်ဆောင်ရွက်ပြောဆိုရန်အတွက် ဆက်သွယ်ရမည့်သူ(Contact Person)အဖြစ် စောနယ်ဒုဒါး(+66986879384) နှင့် နော်ဆိုဖီ (+66802280996)တို့ နှစ်ဦးကို တာဝန်ပေးအပ်ကြောင်း KNU က ထုတ်ပြန်ထားသည်။