KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ ရဲငါးဦးသေဆုံး လက်နက်အချို့သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Oct 21, 2022

KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် လတ်တလော ကော့ကရိတ်မြို့ရှိ ရဲငါးဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်၏ SMS ပေးပို့မှုအရ သိရသည်။

ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများ၊ ရဲအချုပ်ထောင်နှင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များရှိသည့် ၇ ရပ်ကွက်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိ KNLA ပူးပေါင်းတပ်ဖွဲ့မှ ထွေအုပ်ရုံးကို ထိန်းချုပ်ထားပြီး၊ရဲစခန်းအား တိုက်ခိုက်မှုတွင် အချုပ်ထောင်ပေါက်ကာ၊ ရဲငါးဦးသေဆုံးပြီး၊ သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့ကာ ထောင်သားများလည်း လွတ်မြောက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အထိနာသည့် စစ်ကောင်စီတပ်များသည် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရဟတ်ယာဉ်၊ ဂျက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် ၉၇ တပ်မှ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး၊ ကလေးငယ်ခြောက်ဦးအပါ ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်ယခုထက်များနိုင်ကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်က ပြောကြားထားသည်။

ကော့ကရိတ်မြို့အတွင်းသို့ KNLA၊ KNDO၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ထိုးဖောက်တိုက်စစ်နေခြင်းဖြစ်သည်။ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGF တပ်များသည် ကော့ကရိတ်- မြ၀တီအာရှလမ်းသစ်တောနယ် ချောင်းဖျားဘက်တွင် အောက်တိုဘာ ၁၉ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။