KNLAနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းမပေးပါက ရွာကိုလက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု BGFခြိမ်းခြောက်

Author လင်းခိုင်
Categories
Published on Sep 06, 2022

KNLAနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းမပေးပါက ရွာကိုလက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု BGFက ခြိမ်းခြောက်နေကြောင်း KNUက ယနေ့ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ BGF-၁၀၁၄ တပ်ရင်းသည် စက်တင်ဘာ ၄ရက်က တကောင်းဘိုးကျေးရွာအုပ်စုအတွင်းရှိ သူကြီးများအား မိတ္ထိလာ(ဘုရားကုန်း) BGFတပ်ခွဲ ၂ စခန်းသို့ခေါ်ယူပြီး KNLAနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ရွာအတွင်းဝင်ရောက်ခွင့်မပြုရန်နှင့် ဝင်ရောက်လာပါကလည်း သတင်းပေးပို့ရမည်ဖြစ်ပြီး မပို့ပါက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ထို့ပြင် ညောင်ကုန်း BGFစစ်ဆေးရေးဂိတ်မှ စက်တင်ဘာ ၄ရက်ညနေပိုင်းတွင် ကျုံခနကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံးပျက်စီးခဲ့သည်။

ယင်းအပြင် သြဂုတ် ၂၇ရက်ကလည်း ညောင်ကုန်း BGFဂိတ်မှ ကျုံခနရွာ ညောင်ကုန်းရွာနှင့် နောနော့ဝါးကျေးရွာများကို ၆၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ BGF-၁၀၁၄တပ်ရင်းသည် ပြည်သူများကို ခြိမ်းခြောက်ခြင်း လက်နက်ကြီးများဖြင့် ရွာများသို့ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်နေကြောင်း KNUက ဆိုသည်။