ပရဟိတမင်းသားကြီး ဦးကျော်သူရဲ့ သမီး Guinness  ကမ္ဘာ့စံချိန်မှတ်တမ်းဝင်

Author CJ Platform
Categories
Published on Sep 01, 2025

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ မနေ့ ဩဂုတ် ၃၁ ရက်က ပြုလုပ်တဲ့ ၂၀၂၅ မာရသွန်ပြေးပွဲမှာ မြန်မာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦး ဂင်းနစ်ကမ္ဘာ့စံချိန် ( Guinness ) မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ပိတောက်ပန်းကို ပန်ဆင်ထားပြီး မြန်မာဝတ်စုံနဲ့ မာရသွန်ပြေးပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါက်တာမြင့်မိုဦးဟာ ပရဟိတနဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ဦးကျော်သူရဲ့ သမီးဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကမ္ဘာတစ်ဝန်း အပြေးသမား သောင်းနဲ့ချီ ဝင်ပြိုင်တဲ့ ဆစ်ဒနီ မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာမြင့်မိုဦးဟာ အားကစားဝတ်စုံကို မဝတ်ဆင်ထားဘဲ ချိတ်ထမီ၊ ရင်ဖုံးအင်္ကျီ၊ ပုဝါကို ဆင်မြန်းထားပြီး ပိတောက်ပန်းကို ပန်ဆင်ထားကာ အပြေးပြိုင်ပွဲကို ပန်းတိုင်ရောက်တဲ့အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အခုလို မြန်မာဝတ်စုံ ဆင်မြန်းပြီး ဝင်ရောက်ယှဉ်ပြိုင်တာဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို အာရုံစိုက်ဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ ပိုမိုသိရှိစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒီပြိုင်ပွဲကို နိုင်ငံတကာက ပြိုင်ပွဲဝင်သူ ၃၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အီသီယိုးပီးယားက ဟေလီမာရမ်ကီရို့စ်က အမျိုးသားပြိုင်ပွဲမှာ ၂ နာရီ ၆ မိနစ် ၆ စက္ကန့်နဲ့ ပထမရခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာတော့ ဆီဖန်ဟာဆန်က ၂ နာရီ ၁၈ မိနစ် ၂၂ စက္ကန့်နဲ့ ပထမရခဲ့ပါတယ်။ မြန်မာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာမြင့်မိုဦးကတော့ ၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Heart Beams Rising