ဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ နမခတိုင်းမှူး မျိုးမင်းထွေးဟာ MNDAA ထံ လက်နက်ချအညံ့ခံခဲ့သူဖြစ်

Author CJ Platform
Categories
Published on Oct 07, 2025

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံဘိုရွာကို မနေ့ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အဓိကညွှန်ကြားခဲ့သူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့ပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ည ဆီမီးပူဇော်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ကို ချောင်းဦးမြို့နယ် သပိတ်ကော်မတီနဲ့ မုံရွာအမြင့်လမ်း သပိတ်ကော်မတီတို့ ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ ကျင်းပနေချိန် မနေ့က ညပိုင်းမှာ စစ်အုပ်စုဟာ ဘုံဘိုရွာကို စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တွေ အပါအဝင် လူဆယ်ချီ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့လည်း မုံရွာခရိုင်၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Nightking) က ဖော်ပြထားပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုရဲ့ အဓိကတာဝန်ရှိသူဖြစ်သူ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် ၂၆ (တေဇ ၂၆) ဆင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာတိုက်နယ်တစ်ကြော၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ ယောနယ်ဒေသတွေက စစ်ဆင်ရေးတွေကို အဓိကညွှန်ကြားနေသူ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

 

“မုံရွာမှာ လုပ်နေတဲ့ ပါရာမော်တာအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေက သူ့ရဲ့ စစ်ဆင်ရေးအမိန့်အောက်မှာပဲ တောက်လျှောက်လုပ်နေတာပါ။ နမခကို ပါရာမော်တာ ၃ စီး ရောက်တာ မကြာသေးဘူး။ ဒီနေ့မနက်လည်း ချောင်းဦးမြို့နယ်၊ အလုံတပ်နယ်တစ်ဝိုက် ကင်းထောက်ပျံနေတာလည်း ရှိတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

 

ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ နမခတိုင်းမှူးရာထူးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရှေ့က နမခတိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်သန်းထိုက် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်ကြီးရာထူးကို တိုးမြှင့်ပြောင်းရွှေ့သွားချိန် နမခတိုင်းမှူးအနေနဲ့ ပြောင်းရွှေ့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ဗိုလ်မှူးချုပ် မျိုးမင်းထွေး နမခတိုင်းမှူးအဖြစ် ပြောင်းရွှေ့လာပြီးနောက်ပိုင်း မုံရွာမြို့နဲ့ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေသလို အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းက မုံရွာမြို့ပေါ်က ပြည်သူ ၂၀၀ ကျော်ကိုလည်း အဓမ္မဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါသေးတယ်။

 

ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်တို့နဲ့အတူ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်မှာ လက်နက်ချအညံ့ခံခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က သူဟာ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

 

သူနဲ့အတူ စစ်သုံ့ပန်းတွေကို MNDAA တပ်ဖွဲ့က ဩဂုတ်လကုန်ပိုင်းမှာ အသုတ်လိုက် ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း စစ်တပ်အတွင်း အရေးယူမှုမခံခဲ့ရတဲ့အပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃) မှာ ကျောင်းအုပ်ကြီးရာထူးကို ရရှိခဲ့ပါသေးတယ်။

 

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “အာဏာဗဟိုချက်အနီး ရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ” အစီရင်ခံစာထဲမှာလည်း ဗိုလ်မှူးချုပ် မျိုးမင်းထွေး ပါဝင်လာပါတယ်။

 

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တတိယမျိုးဆက်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်ထုတ်နေရာပြောင်းရွှေ့ပြီးချိန် အခြားစစ်တိုင်းမှူး ၁၄ ဦးနဲ့အတူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ စစ်ခေါင်းဆောင်အနီး ရောက်လာကြတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Monywa Nightking၊ CJ၊ Pro-SAC