အိန္ဒိယ ဆိုက်ဟားခရိုင်က ချင်းစစ်ဘေးရှောင်တွေ ဒေသခံတွေရဲ့ အကြမ်းဖက်မှုနဲ့ ကန့်သတ်မှုမျိုးစုံ ကြုံတွေ့နေရ

Author CJ Platform
Categories
Published on Sep 01, 2025

အိန္ဒိယနိုင်ငံ၊ ဆိုက်ဟားခရိုင်မှာ ခိုလှုံနေတဲ့ ချင်းစစ်ဘေးရှောင်တွေ အခုနှစ်မှာ ဒေသခံတွေရဲ့ မကြာခဏ ဝိုင်းရိုက်နှက် အကြမ်းဖက်မှုနဲ့ ကန့်သတ်မှုမျိုးစုံ ကြုံတွေ့နေရပြီး မိသားစု စားဝတ်နေရေး ရပ်တည်ဖို့ ပိုခက်ခဲလာတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

 

ဆိုက်ဟားခရိုင်မှာ ချင်းစစ်ဘေးရှောင်တွေ ခိုလှုံတာ နှစ်ကြာလာတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်တွေကို ငြိုငြင်လာပြီး အကြမ်းဖက်မှုတွေ၊ ကန့်သတ်မှုမျိုးစုံတွေကို အခုလို ဖိအားပေး လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

“စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ စကားအချေတင်ဖြစ်ရင် ဒေသခံတွေက ဝိုင်းရိုက်တယ်။ အိမ်ကို ခဲနဲ့ပစ်ပေါက်တယ်။ စစ်ဘေးရှောင်တွေ စားဝတ်နေရေးအတွက် အိမ်ဈေးဆိုင်ဖွင့်ပြီး အဆင်ပြေတာလည်း သဘောမကြိုက်ကြဘူး။ ဈေးမရောင်းခိုင်းဘူး။ ဆိုင်ကို ဖယ်ရှားခိုင်းတယ်။ အရင်ကတော့ အဲလို မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ စစ်ဘေးရှောင်တွေ နေတာထိုင်တာ ငြိုငြင်လာတယ်။” အသက် (၃၂) နှစ်အရွယ် ချင်းစစ်ဘေးရှောင် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဆိုက်ဟားခရိုင်၊ လောင်မ်ဆွီးကျေးရွာမှာ ဒေသခံနဲ့ စကားအချေဖြစ်ခဲ့သူ ပလက်ဝမြို့နယ်က ချင်းစစ်ဘေးရှောင် နှစ်ဦး ဝိုင်းရိုက်နှက် ထိုးကြိတ်ခံရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

 

ချင်းစစ်ဘေးရှောင်တွေက ကျေးရွာအာဏာပိုင်အဖွဲ့ (Village Council President) နဲ့ မရာလူငယ်အဖွဲ့ (Mara Thyutlia Py) တို့ကို ဖြေရှင်းပေးဖို့ တိုင်ကြားထားပေမယ့် ဒီကနေ့အထိ ဖြေရှင်းမပေးဘူးလို့ သိရပါတယ်။

 

“ကျွန်တော်တို့က ဘယ်သူမှားတယ်။ မှန်တယ်ဆိုတာ တာဝန်ရှိသူတွေကို ဖြေရှင်းခိုင်းတာပါ။ မှားတဲ့သူတွေဆို အရေးယူပေးဖို့ တိုင်တာပါ။ ဒါပေမဲ့ ဖြေရှင်းမပေးဘူး။” လို့ လောင်ဆွီးကျေးရွာက အသက် ၃၅ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဇူလိုင်လကလည်း ပလက်ဝမြို့နယ်၊ ကာရမိတ်ရွာမှ ပြောင်းရွှေ့လာတဲ့ ချင်းစစ်ဘေးရှောင် သားအဖနှစ်ဦးကိုလည်း ဒေသခံတွေက ရိုက်နှက်သလို ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် အဖေဖြစ်သူဟာ ခေါင်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဒေသခံတွေရဲ့ အကြမ်းဖက်မှုကို တာဝန်ရှိသူတွေထံ တိုင်ကြားထားပေမယ့် ဖြေရှင်းပေးတာ မရှိတဲ့အတွက် ချင်းစစ်ဘေးရှောင်တွေဟာ စိုးရိမ်နေကြပါတယ်။

 

“စစ်ဘေးရှောင်တွေဘက်ကလည်း သောက်စားမူးရူးတာရှိရင် အပြစ်ပေးအရေးယူ။ ဒေသခံတွေဘက်ကလည်း မှားတာရှိရင် အပြစ်ပေးအရေးယူချင်တယ်။ အခုက တစ်ခုခုဆို စစ်ဘေးရှောင်တွေကို ထိုးကြိတ်ဖို့ ချောင်းနေကြတယ်။ ခဏခဏ ထိုးကြိတ် အရိုက်ခံရတယ်။ တချို့တွေဆို နေရာပြောင်းရွှေ့ နေထိုင်ရတယ်။” လို့ အသက် ၃၂ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင်တွေ တောင်ယာခုတ်တာ၊ ထင်းခွေတာ၊ ဟင်းရှာတာတို့ကိုလည်း ကန့်သတ်ထားပါတယ်။ ဆိုက်ဟားခရိုင်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ မတူပီမြို့နယ်က စစ်ဘေးရှောင်တွေ ထောင်နဲ့ချီ ခိုလှုံနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်တစ်နေရာကို တွေ့ရစဉ်

 

 

 

Related News

Depend on news