KBC ဥက္ကဋ္ဌဟောင်း ဆရာတော် ခလမ်ဆန်ဆွန်ကို မြစ်ကြီးနားမြို့မရဲစခန်းမှ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

Author ကိုပေါက်
Categories
Published on Dec 29, 2022

KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဋ္ဌဟောင်း ဆရာတော် ခလမ်ဆန်ဆွန်ကို မြစ်ကြီးနားမြို့မရဲစခန်းမှ ပုဒ်မ ၁၇ (က)၊ ပုဒ်မ ၅၂ (က) ဖြင့် ယမန်နေ့က အမှုဖွင့်လိုက်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသမှုသွားရောက် ခံယူရန် ထွက်ခွာရန် ပြင်ဆင်နေစဉ် ဒီဇင်ဘာလ ၅ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည့် KBC ဥက္ကဋ္ဌဟောင်း ဆရာတော် ခလမ်ဆန်ဆွန်ကို စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၂၉ရက်နေ့ နေ့လယ်ပိုင်း၌ မြစ်ကြီးနားမြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့တာဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သူတို့ ဘယ်မှာဖမ်းချုပ်ထားလဲတော့ မသိဘူး မနေ့ကမှ အမှုဖွင့်လိုက်တာ မတရားသင်းဥပဒေရယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရယ် ပုဒ်မနှစ်ခုနဲ့”ဟု ပြောသည်။

KBC ဥက္ကဋ္ဌဟောင်း ဆရာတော် ခလမ်ဆန်ဆွန်ကို မြစ်ကြီးနားရဲစခန်းတွင် (ပ) ၂၀၀/ ၂၀၂၂ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) ၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့်ပါ အမှုဖွင့်ခဲ့တာဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက CJ Platform ကိုပြောသည်။

“KIO မှာ လုပ်တဲ့အစည်းအဝေးတက်လို့ ပုဒ်မ ၁၇ (က) နဲ့အမှုဖွင့်တာ PDF တွေကို ဆက်သွယ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ထပ်ပြီး အမှုဖွင့်တယ်”ဟု ရှင်းပြသည်။

ဆရာတော် ခလမ်ဆန်ဆွန်သည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများဖြစ်သည့် နေရပ်စွန့်စွာ တိမ်းရှောင်နေရသော ပြည်သူများကို လူမျိုးဘာသာ ဂိုဏ်ကဏမခွဲခြားဘဲ ကူညီကယ်ဆယ်ထောက်ပံ့ခြင်း၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း၊ လူသားတစ်ရပ်လုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ကူညီဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

ဆရာတော် ခလမ်ဆန်ဆွန်အား စစ်ကောင်စီမှ မတရားဖမ်းဆီးခဲ့သည်ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက် အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်ချက်များလည်း ထုတ်ပြန်ထားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KBC #ခလမ်ဆန်ဆွန်