မယ်လဒုက္ခသည်စခန်းကို သွားရောက် လည်ပတ်ပြီး အားပေးခဲ့တဲ့ ထိုင်းနာမည်ကျော် မင်းသား

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းမှာ ရှိတဲ့ မယ်လစစ်ဘေးရှောင်စခန်းကို ထိုင်းနာမည်ကျော် ရုပ်ရှင်မင်းသား ဝင်းမယ်ထာဝင်း လာရောက်တာဟာ ထိုင်းလူမှုအသိုင်းအဝိုင်းနဲ့ စစ်ဘေးရှောင်တွေကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးပေါ်ပေါက်လာနိုင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မနေ့ အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံအတွင်းက စစ်ဘေးရှောင်စခန်း ၉ ခုမှာ ရှိတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးပြီးနောက်ပိုင်း မယ်လဒုက္ခသည်စခန်းကို ထိုင်းမင်းသား ဝင်းမယ်ထာဝင်း လာရောက်လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပြီး လူသိများထင်ရှားသူလည်း ဖြစ်ပါတယ်။
ထိုင်းမင်းသား ဝင်း လာရောက်ချိန် မယ်လဒုက္ခသည်စခန်းမှာ ရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ဘေးရှောင်စခန်းမှာ ရှိနေတဲ့ မိသားစုဝင်တွေ၊ လူငယ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြောဆိုခဲ့ပြီး သူတို့ ဖန်တီးနေတဲ့ လက်မှုအနုပညာပစ္စည်းတွေကို အတူလုပ်ကိုင်ခဲ့သလို စစ်ဘေးရှောင်တွေနဲ့ ဘောလုံးအတူကစားခဲ့တယ်လို့ UNHCR က ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းထဲက စစ်ဘေးရှောင်တွေဟာ သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်ရုန်းကန်နေပြီး သူတို့ဘဝကို တည်ဆောက်နိုင်ဖို့အတွက် ကြိုးစားနေတာကိုလည်း ထိုင်းမင်းသားက တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေရဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို သူ့အနေနဲ့ တွေ့မြင်ခဲ့ရပြီး စစ်ဘေးရှောင်တွေနဲ့ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအခြေချသူတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ ပိုမိုသိရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့လည်း ဝင်းက ပြောဆိုခဲ့ကြောင်း UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတွင်း ဆယ်စုနှစ်နဲ့ချီရှိနေတဲ့ မယ်လဒုက္ခသည်စခန်းကို ထိုင်းသရုပ်ဆောင်တွေ၊ မော်ဒယ်နဲ့ အဆိုတော်တွေ လာရောက်လည်ပတ်တာမျိုးလည်း ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ထိုင်းသရုပ်ဆောင်မင်းသား၊ အဆိုတော် Saharat (Kong) Sangkapricha နဲ့ မော်ဒယ်၊ သရုပ်ဆောင်မင်းသမီး Praya “Pu” Lundberg Suandokmai တို့ မယ်လဒုက္ခသည်စခန်းကို လာရောက်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – UNHCR