သိကြားမင်းကိုယ်တိုင် ဒိုင်လုပ်ရင်တောင် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ DKBA ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Jul 22, 2025

ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု မဟုတ်သလို၊ အယောင်ဆိုးထားတဲ့ ရွေးကောက်ပွဲတစ်ခုအဖြစ်သာ ရှုမြင်ခံရလိမ့်မယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ခေါင်းဆောင် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ပြောပါတယ်။

 

ဇူလိုင် ၂၀ ရက်က DKBA ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်စောဆန်းအောင်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး တရားမျှတ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှသာ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းကျိုးရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“စစ်မှန်တဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်။ ဆိုလိုချင်တာက လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်မယ်ဆိုရင် ယုံကြည်မှုရလာမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အယောင်ဆိုးထားတဲ့ ရွေးကောက်ပွဲလို့ပဲ မြင်လိမ့်မယ်” လို့ ဗိုလ်ချုပ်စောဆန်းအောင်က သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

နိုင်ငံကို အုပ်ချုပ်နေသူတွေအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေ၊ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ လွဲချော်နေပြီး သူတို့ (စစ်ကောင်စီကို ဆိုလို) ဒီလိုလုပ်ဆောင်နေတာကို နိုင်ငံတကာကလည်း သိနေတယ်လို့ ဆိုပါတယ်။

 

ရွေးကောက်ပွဲကို လက်ရှိပုံစံ နည်းလမ်းဟောင်းအတိုင်း ဆက်လက်လုပ်ဆောင်မယ်ဆိုပါက သိကြားမင်းကိုယ်တိုင် ဒိုင်လုပ်ရင်တောင် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဗိုလ်ချုပ်စောဆန်းအောင်က စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

ခေတ်အဆက်ဆက် ရွေးကောက်ပွဲများစွာ လုပ်ခဲ့ပေမဲ့ တန်းတူညီမျှမှု မရှိပါက နိုင်ငံတည်ငြိမ်မှုရှိမှာ မဟုတ်သလို၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း DKBA အနေနဲ့ ဆန့်ကျင်ခဲ့ပေမဲ့ ဒေသတွင်း ပြည်သူတွေ စစ်ဘေးဒဏ်ခံနေရတဲ့ အခြေအနေကြောင့် နှစ်ဖက်အပစ်အခတ် ရပ်စဲမှု လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြည်သူတွေနဲ့ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထား ဗုံးကြဲနေတာဟာ တိုင်းပြည်အုပ်ချုပ်နေသူတွေအနေနဲ့ စစ်ပညာ လေ့လာသင်ယူရာမှာ မှားယွင်းလွဲချော်မှုတွေရှိနေတယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆကြောင်းနဲ့ ပြည်သူ လက်မခံတဲ့ ရွေးကောက်ပွဲ ပြုလုပ်ပါက တိုင်းပြည်အတွက် ကောင်းကျိုးရှိမှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်စောဆန်းအောင်က သူ့အယူအဆကို ထုတ်ဖော် ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – DKBA