ရန်ကုန်မှာ ယာဉ်ထိန်းရဲတွေက လာဘ်ငွေရယူပြီး အောက်ဆိုက်ကား ပြေးဆွဲမှုကို ခွင့်ပြုနေ

ရန်ကုန်မြို့မှာ စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲတွေက လာဘ်ငွေရယူပြီး အောက်ဆိုက်ကား (ကြားကား) ပြေးဆွဲမှုတွေကို တရားဝင်သဖွယ် ခွင့်ပြုထားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြီးကြပ်ရေးအဖွဲ့တွေရဲ့ အားနည်းချက်တွေကြောင့် YBS မော်တော်ယာဉ်တွေဟာ အချိန်မှန်ပြေးဆွဲမှုတွေ မရှိတော့ဘဲ လူစည်ကားချိန်တွေမှာသာ ပြေးဆွဲနေတာကြောင့် အောက်ဆိုက်ကားတွေ ပြန်လည်များပြားလာပြီး အရေးယူစိစစ်မှုမရှိတာကြောင့် အောက်ဆိုက်ကားတွေဟာ နေ့အချိန်တွေမှာပါ ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။
“မြောက်ဥက္ကလာဘက်မှာဆိုရင် မိုးလင်းကတည်းက ဆွဲနေပြီ။ ပုံမှန်ကားမှတ်တိုင်တွေမှာ ခရီးသည်တွေကို ရပ်ပြီး ခေါ်တင်နေကြတာပဲ။ ဘယ်မော်တော်ပီကယ်မှလည်း ဖမ်းတာမတွေ့ဘူး။ YBS တွေကလည်း လာချင်တဲ့အချိန် လာနေကြတော့ လူတွေက မြန်တဲ့ အောက်ဆိုက်ကားကို စီးကြတာပေါ့” လို့ မြောက်ဥက္ကလာမြို့နယ်နေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ဒါ့အပြင် ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ဆူးလေတဝိုက်မှာပါ အောက်ဆိုက်ကားတွေဟာ ညနေ (၃) နာရီခန့်က စတင်ကာ ခရီးသည်ခေါ်ယူ ပြေးဆွဲမှုတွေကို လုပ်ဆောင်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
“YBS ကားတွေက ည ရှစ်နာရီလောက်ဆိုရင် လမ်းပေါ်မှာ မရှိတော့ဘူး။ တချို့ အစွန်အဖျားမြို့နယ်တွေဆိုရင် ဒီအောက်ဆိုက်ကားတွေကိုပဲ အလုပ်နောက်ကျရင် စီးနေရတာ။ ကားသမားက ဘယ်လိုပဲ ရမ်းမောင်းမောင်း၊ သောက်ပြီးတော့ပဲ မောင်းမောင်း၊ သူတို့ပဲ ရှိတာလေ။ မှတ်တိုင်မှာ အကြာကြီး ရပ်နေပြန်လည်း ပေါ်တာဆွဲခံရမှာ ကြောက်တော့ ပုံမှန် (၄၀၀) ပဲ ပေးရတဲ့ ခရီးကို (၁,၅၀၀) လောက် ပေးပြီး စီးကြရတာပါပဲ” ဟု တောင်ဒဂုံမြို့နယ်မှ မရမ်းကုန်းမြို့နယ်ကို လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
အောက်ဆိုက်ကားတွေဟာ လိုက်ထရပ်ယာဉ်တွေနဲ့ အများစု ပြေးဆွဲနေကြပြီး၊ စီးတီးဘတ်စ်ကားတွေနဲ့လည်း ပြေးဆွဲမှုတွေ ရှိနေပြီးတော့ မြို့နယ်တစ်ခုတည်းမှာ ပြေးဆွဲမယ်ဆိုရင် မြို့နယ်အလိုက် ယာဉ်ထိန်းရဲတာဝန်ရှိသူတွေကို လစဉ် လေးသိန်းကနေ ခြောက်သိန်းကြား ပေးဆောင်ရပြီး၊ ခရီးရှည် (လှိုင်သာယာကနေ မြောက်ဥက္ကလာအထိ) ပြေးဆွဲမယ့် အောက်ဆိုက်ကားတွေကတော့ ငွေကျပ် ရှစ်သိန်းအထိ ပေးဆောင်ကြရတယ်လို့ အောက်ဆိုက်ကားပြေးဆွဲနေသူတွေက ဆိုပါတယ်။
စစ်အုပ်စုက ရန်ကုန်မြို့၌ ညအချိန်တွင် လမ်းပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းဆောင်ခိုင်းခြင်းများ ရှိနေသည့်အတွက် ဖယ်ရီစီစဉ်ပေးထားတဲ့ လုပ်သမားတွေကလွဲပြီး ကျန်တဲ့ စတိုးဆိုင်၊ စားသောက်ဆိုင်နဲ့ ညနက်တဲ့အထိ အလုပ်ဆင်းရတဲ့ ပြည်သူအများစုဟာ အောက်ဆိုက်ကားတွေကိုပဲ အသုံးပြုနေရတယ်လို့ သိရပါတယ်။