လားရှိုးတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်အုပ်စု စစ်သား ၉ ရာကျော်ရဲ့ အမည်စာရင်း ပေါက်ကြား

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ စစ်အုပ်စု စစ်သား ၉ ရာကျော်ရဲ့ အမည်စာရင်းတွေ ပေါက်ကြားလာတာကို CJ Platform က လက်ခံရရှိထားခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံရသူတွေနဲ့ ပျောက်ဆုံးနေသူတွေကို စစ်အုပ်စုက လပေါင်းများစွာ လစာငွေတွေ မပေးဘဲ ရပ်ဆိုင်းထားခဲ့ပြီးနောက်မှာ “စောင့်ကြည့်” စာရင်းဝင် စစ်သားတွေအတွက် လစာထုတ်ပေးတဲ့ စာရင်းကို CJ Platform က လက်ခံရရှိထားတာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုက ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ စစ်သားတွေကို “စောင့်ကြည့်” နဲ့ “သေဆုံး” ဆိုပြီး နှစ်ပိုင်းခွဲကာ “စောင့်ကြည့်” စာရင်းဝင် စစ်သားတွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကိုသာ လစာခံစားခွင့် ပေးခဲ့ပြီး “သေဆုံး” စာရင်းဝင် စစ်သားတွေရဲ့ မိသားစုဝင်တွေကိုတော့ လစာခံစားခွင့် မပေးခဲ့ဘူးလို့ တပ်မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဖေဖော်ဝါရီလကတည်းက လစာဖြတ်ထားတာ။ စောင့်ကြည့်အုပ်စုထဲက လူတွေကျတော့ အကုန်ပြန်ရသွားပြီ။ သေဆုံးစာရင်းသွင်းခံရတဲ့သူတွေကတော့ လစာလည်းမရ၊ ခံစားခွင့်ကလည်း ဘယ်ဆီနေမှန်းမသိဘူး” လို့ ပျောက်ဆုံးနေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ အမျိုးသမီးက ပြောပါတယ်။
ဖမ်းဆီးခံစစ်သားတွေကို လစာပေးရာမှာလဲ လစာနဲ့ စရိတ်သာ ပါဝင်ပြီး ရိက္ခာစရိတ် မပါဝင်တာကို CJ Platform က လက်ခံရရှိထားတဲ့ တပ်တွင်းညွှန်ကြားချက်တွေအရ သိရပါတယ်။
လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဘက်က စစ်သားတွေနဲ့ မိသားစုဝင်တွေ အပါအဝင် လေးထောင်ကျော် လက်နက်ချခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်အုပ်စုဟာ လားရှိုးမြို့ကို MNDAA လက်ကနေ ပြန်တောင်းယူခဲ့ရပါတယ်။