ရေကြီးရေလျှံတာကြောင့် ပေါက်မြို့နယ်က လယ်ဧက ၁၀၀ ကျော် ရေတိုက်စား ပျက်စီး

စစ်ကော်မရှင်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ရေယဉ်ရွာသူရွာသားတွေဟာ အခုတစ်ခါမှာတော့ သူတို့ အဓိကလုပ်ကိုင်စားသောက်နေရတဲ့ လယ်ယာမြေတွေပါ သဘာဝဘေးကြောင့် ထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာရဲ့ အရှိန်ကြောင့် မိုးကြီးကာ ပေါက်မြို့နယ်တွင် ယောချောင်းရေလျှံပြီး စက်တင်ဘာ ၂၃ ရက်ကစလို့ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်ထိ ချောင်းဘေးက ရေယဉ်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနဲ့ သဖန်းချောက်ကျေးရွာတွေရှိတဲ့ စပါးခင်းနဲ့ လယ်ယာမြေဧက ၁၀၀ ကျော် ရေတိုက်စားခဲ့ရတာ ဖြစ်ပါတယ်။
“ဒေသခံတွေအတွက်က စစ်ဘေးရော သဘာဝဘေးရော၊ နစ်သထက် ပိုနစ်နေတာပါပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ယောချောင်းဟာ နှစ်တိုင်းလိုလို မိုးတွင်းမှာ ရေကြီးတတ်ပေမယ့်၊ ဒီနှစ်ကတော့ ကမ်းပါးပြိုကျတဲ့အထိ ဆိုးရွားခဲ့ပြီး စိုက်ခင်းသာမက လုပ်ကိုင်စားသောက်စရာ လယ်မြေပါ ပျက်စီးခဲ့ရတာပါ။
အခုလို လယ်မြေဆုံးရှုံးခဲ့ရတဲ့ ရေယဉ်ကျေးရွာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကပဲ စစ်ကော်မရှင်တပ်ရဲ့ ပခုက္ကူ-ပေါက် စစ်ကြောင်းက နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ