ကလေးမြို့မှာ စစ်အုပ်စုက နေ့ဘက်တွေပါ စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အုပ်စုက စစ်မှုထမ်းအတွက် လူငယ်ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်လာတာကြောင့် အပြင်ထွက် အလုပ်လုပ်ဖို့ လူငယ်တွေနဲ့ မိဘတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့မှာ အခုရက်ပိုင်း၊ နေ့ခင်းဘက်တွေမှာပါ လက်ဖက်ဆိုင်ကဲ့သို့ လူစည်ကားရာနေရာတွေမှာပါ ဝင်ရောက် ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
“စစ်သားတွေက နေ့ခင်းဘက်မှာ ပေါ်ပေါ်ထင်ထင် စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးမှု ပြုလုပ်လာတယ်။ အဖမ်းခံရတဲ့ လူငယ်အတော်များများဟာ အလုပ်သွားရင်း အဖမ်းခံရတယ်။ အလုပ်ပြန်လာရင်း လမ်းမှာ အဖမ်းခံရတာပါ ” လို့ အသက် ၄၈ နှစ်အရွယ် ကလေးမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ်တွေဟာ ကယ်ရီဆွဲ၊ ပန်းရံ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်တင်ကုန်ချ စတဲ့ အလုပ်တွေကို အပြင်ထွက် အလုပ်လုပ်နေကြသူတွ ဖြစ်တယ်လို့ သိရပါတယ်။
“လက်ဖက်ရည်ဆိုင်မှာ အမျိုးသားတွေများရင် စစ်သားတွေ ဝင်စီးတယ်။ ကားဂိတ်တွေ၊ ဆိုက်ကားဂိတ်တွေမှာလည်း ဝင်ဖမ်းတယ်။ အဓိက ပျူစောထီးနဲ့ ရဲတွေက ကား၊ ဆိုင်ကယ်တွေနဲ့ ဖမ်းဆီးတာပါ။ အလုပ်ပဲ လုပ်နေရတာ စိတ်က ဘယ်အချိန်လောက် လာဖမ်းမလဲဆိုတာ စိုးရိမ်နေရတယ်။” လို့ အသက် ၂၅ နှစ်အရွယ် ကလေးမြို့ခံ လူငယ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ကလေးမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတို့မှာ ချုပ်နှောင်ထားပြီး အဲဒီကနေတဆင့် ကလေးမြို့ လေ့ကျင့်ရေးကျောင်း ၁၀ ကို ပို့ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်မှစ၍ စက်တင်ဘာ ၂ ရက်နေ့ထိ လူငယ် အယောက် ၄၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ လူမှုရေးဆောင်ရွက်နေသူဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၁၇ နှစ်ကနေ ၃၀ ကျော်အရွယ်ထိ ရှိပြီး သူတို့တွေဟာ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ အောင်သစ္စာ၊ သဇင် စတဲ့ ရပ်ကွက်တွေထဲမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ကလေးမြို့အပြင်မှာလည်း အခုရက်ပိုင်း စစ်ကော်မရှင်အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က မြို့ထဲကနေ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို ညဘက် လက်နက်ကြီးကျည်တွေ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်