မင်းတပ်မှာ ရာသီတုပ်ကွေး ကူးစက်မှုကြောင့် ကလေးငယ်အချို့ အသက်ဆုံးပါးခဲ့ရပြီး စာသင်ကျောင်းတွေ ယာယီပိတ်ထားရ

Author CJ Platform
Categories
Published on Sep 12, 2025

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၃) နဲ့ တိုက်နယ် (၄) ဘက်က ကျေးရွာတွေမှာ ရာသီတုပ်ကွေး အဖြစ်များနေတာကြောင့် စက်တင်ဘာလ ဒုတိယအပတ်မှစတင်ပြီး စာသင်ကျောင်းတွေ ယာယီပိတ်ထားလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေအပါအဝင် ကလေးတွေဟာ အခုလ စက်တင်ဘာလကစပြီး ဖျားနာတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာတွေ စတဲ့ ရာသီတုပ်ကွေးတွေ ဖြစ်နေကြတာကြောင့် စာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ရတာ ဖြစ်ပါတယ်။

 

“တစ်ကျောင်းနီးပါး အမျိုးမျိုး ဖျားနာနေကြတာဖြစ်ပါတယ်။ မသက်သာလို့ အခြေအနေ ပိုဆိုးလာလို့ ကျောင်းပိတ်လိုက်ရတာပါ။ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အလှမ်းဝေးတာကြောင့် ဒီထက်ပိုဆိုးမှာ စိုးလို့ ကျောင်းကို ယာယီပိတ်လိုက်တာပါ” လို့ မင်းတပ်မြို့နယ်၊ တိုက်နယ် (၃) ဘက်က ကျောင်းဆရာမတစ်ဦးက CJ Platform ကို ပြောပါတယ်။

အဲဒီ ရာသီတုပ်ကွေးဟာ အသက် ၁၄ နှစ်မှ အသက် ၅ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များပြီး ရုတ်တရက် သေဆုံးတဲ့ ကလေးငယ်တွေပါတွေ ရှိတယ်လို့ သိရပါတယ်။

 

“ရာသီအကူးအပြောင်းကာလမို့ ရာသီတုပ်ကွေးဖြစ်တာပါ။ တချို့ရွာတွေဆို ပြီးခဲ့တဲ့လကတည်းက စဖြစ်နေကြတာပါ။ ပြုံးရွာမှာဆို ရုတ်တရက် သေဆုံးတဲ့ ကလေးရှိတယ်။ ရွာမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ရှိမနေတော့ ပိုဆိုးသွားတာပေါ့။” လို့ မင်းတပ်မြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရာသီတုပ်ကွေး ဖြစ်နေကြတဲ့ မင်းတပ်မြို့နယ်၊ တိုက်နယ် (၃) နဲ့ တိုက်နယ် (၄) ဘက်က ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်မှုမရှိတာကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုက ချင်းပြည်အတွင်းကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူလို့မရနိုင်အောင် ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသတွင်းမှာ ဆေးဝါးရှားပါးမှုတွေပါ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CHO