အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ရေဖြူက စစ်ဘေးရှောင် လေးထောင်ကျော် စားဝတ်နေရေး ခက်ခဲ

စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ် လုပ်ဆောင်မှုကြောင့် ရေဖြူမြို့နယ်ထဲက စစ်ဘေးရှောင် လေးထောင်ကျော် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုဟာ တနင်္သာရီတိုင်းအတွင်းကို ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေကို စီးပွားဖြစ် ရောင်းဝယ်တာအပြင် တစ်ကိုယ်ရေသုံးပမာဏ သယ်ယူတာကိုပါ လုံးဝ သယ်ယူခွင့်မပေးတော့ဘဲ ပိတ်ဆို့ထားတယ်လို့ ကုန်ပစ္စည်းရောင်းဝယ်သူတွေဆီက သိရပါတယ်။
ဒါကြောင့် တိုင်းအတွင်း ကုန်ပစ္စည်း သယ်ယူရေး ခက်ခဲနေပြီး စားနပ်ရိက္ခာ မလုံလောက်တာနဲ့ အမိုးအကာ လိုအပ်ချက်တွေ မြင့်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
“တစ်ရက်စာ တစ်ရက်တောင် လုံလုံလောက်လောက် မရှိပါဘူး။ ခေါက်ဆွဲလေး အစားထိုးလေး ဆန်ပြုတ်လေး ချက်သောက်လိုက်နဲ့ အခြေအနေ အရမ်းဆိုးနေပါတယ်။ အခုတစ်ခေါက်က ဘာဆိုဘာမှ သယ်လို့မရ၊ ကူမယ့်သူ ရှိရင်တောင် ပစ္စည်းသယ်ဖို့ လမ်းကြောင်းက မရှိပါဘူး” လို့ အမည်မဖော်လိုတဲ့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
အရင်က ပိတ်ဆို့မှုတွေ ရှိခဲ့ပေမယ့် အခုတစ်ကြိမ်လောက် မဆိုးဝါးခဲ့ဘူးလို့ အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောပါတယ်။
ရေဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ လလယ်က စပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကော့လှိုင်၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်၊ ရာဖူးရွာသစ်၊ ရာဖူး၊ ကျွဲတလင်း၊ သုံးဆူ၊ စိန်ဘုံ စတဲ့ ရွာတွေက ဒေသခံ လေးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
လက်ရှိ စစ်ဘေးရှောင်ပြေးနေရတဲ့ ရွာတွေမှာ စစ်အုပ်စုနဲ့ မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲဟာ ရေရှည်လာနိုင်ပြီး စစ်ဘေးရှောင်အရေး ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါနစစ်ကြောင်း-၃ (KBDF) တာဝန်ရှိသူက အခုလို ပြောပါတယ်။
“စစ်ပွဲက ရပ်ဖို့မရှိဘူး၊ တဖြည်းဖြည်း ပိုကြမ်းလာဖို့ပဲ ရှိတယ်။ သူတို့ဘက်ကလည်း ပြည်ထောင်စု လမ်းပိုင်းစိုးမိုးမှုကို ပြန်လုပ်လာလိမ့်မယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ စိုးမိုးထားတဲ့ နယ်မြေကို လက်မလွှတ်ရအောင် ကြိုးစားသွားမှာပါ” လို့ ဒေါနစစ်ကြောင်း-၃ (KBDF) တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ တောတောင်တွေမှာ ရှောင်နေကြပြီး ရေဖြူမြို့နယ်နဲ့ အနီးဆုံးဖြစ်တဲ့ မွန်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဖြူမြို့နယ်ထဲက နဘုလယ်ဒေသ၊ တောင်ရင်းအင်းရွာနဲ့ ဖားချောင်းကျေးရွာတွေဘက်ကို စစ်အုပ်စုက အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ရှိနေတဲ့အတွက် ဒေသခံ ရာချီ ယာယီစစ်ဘေးရှောင်နေရပါတယ်။
ပုံစာ – ရေဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို မြင်ရပုံ (ပုံဟောင်း)