ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားတစ်ဦး လက်နက်နဲ့အတူ DPLA ထံ အလင်းဝင်

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်အုပ်စုတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ထံ စစ်အုပ်စုတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက စစ်မှုထမ်းအပတ်စဉ် ၃ တပ်သားသစ်အဖြစ် စုဆောင်းခံထားရသူတစ်ဦးဖြစ်တဲ့ ကိုဖြိုးမင်းစံဟာ မနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ အလင်းဝင်ရောက်လာခဲ့တာပါ။
သူဟာ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ အမှတ် ၃ အခြေခံစစ်သင်တန်းကျောင်းမှာ ၃ လကြာ စစ်သင်တန်းတက်ရောက်ခဲ့ရပြီး ကလောမြို့၊ တပ်မ ၅၅ လက်အောက်ခံ အမှတ် ၇ ခြေလျင်တပ်ရင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်း တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“သူက စစ်မှုထမ်းအပတ်စဉ် ၃ ကပါ။ ရှေ့တန်းစစ်မြေပြင်ကနေ အလင်းဝင်လာတာပါ။ သေနတ်တစ်လက်နဲ့ ကျည်အနည်းငယ်နဲ့ အလင်းဝင်ရောက်လာတာပါ” လို့ DPLA သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုတပ်အတွင်း အဓမ္မ တပ်သားသစ်စုဆောင်းခံရသူတွေနဲ့ ပေါ်တာဆွဲခံရသူတွေဟာ နေ့စဉ်နီးပါး ထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း ဘက်ပြောင်းခိုလှုံလာတဲ့ ကိုဖြိုးမင်းစံကလည်း ပြောထားပါသေးတယ်။
စစ်အုပ်စုက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် တပ်သားသစ်စုဆောင်းမှု စစ်မှုထမ်းအပတ်စဉ် ၁၆ အထိ ရှိလာပြီး လက်ရှိအချိန်ထိ စစ်အုပ်စု စုဆောင်းထားတဲ့ ပြည်သူ့စစ်တပ်သားသစ် အရေအတွက် ၇၅,၀၀၀ ကျော်အထိ ရှိနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေကလည်း ပြောဆိုထားပါတယ်။
တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ တပ်သားသစ်စုဆောင်းခံရသူတွေကို ရှေ့တန်းစစ်မြေပြင်မှာ စစ်အုပ်စုက အသုံးချမှုတွေ ရှိနေပြီး ထိခိုက်ဒဏ်ရာ သေဆုံးသူတွေ များပြားနေသလို စခန်းစွန့်ခွာထွက်ပြေးသူတွေလည်း အများအပြားရှိနေပါတယ်။