အင်အားကြီးနိုင်ငံတချို့က ဖိအားပေးအနိုင်ကျင့်တာတွေ ရှိနေလို့ တရုတ်ဦးဆောင်တဲ့ SCO မှာ အဖွဲ့ဝင်ဖြစ်လိုကြောင်း စစ်ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Sep 02, 2025

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့အတွက် မေတ္တာရပ်ခံလိုက်ပါတယ်။

 

မနေ့ စက်တင်ဘာ ၁ ရက်မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း ပြောကြားခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ အင်အားကြီးနိုင်ငံအချို့က တခြားနိုင်ငံတွေအပေါ် နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးဖိအားတွေ ပေးပြီး အနိုင်ကျင့်နေတာတွေကို တုံ့ပြန်နိုင်ဖို့အတွက် SCO လို အဖွဲ့အစည်းမျိုးမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

 

လက်ရှိမှာ မြန်မာနိုင်ငံဟာ SCO ရဲ့ “တွေ့ဆုံဆွေးနွေးဘက် နိုင်ငံ” အဖြစ်သာ ရှိနေသေးပြီး၊ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရေးအတွက် ထောက်ခံပေးကြဖို့ စစ်ခေါင်းဆောင်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

 

“ယခုအခါ အင်အားကြီးနိုင်ငံအချို့သည် အခြားနိုင်ငံများ၏ ၎င်းတို့နှင့် လိုက်လျောညီထွေဖြစ်သည့် ဒီမိုကရေစီနှင့်အညီ ရပ်တည်ဆောင်ရွက်နေမှု၊ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို ဥပေက္ခာပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး ဖိအားပေးမှုမျိုးစုံဖြင့် အနိုင်ကျင့်နေကြပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ဒီလို အခြေအနေတွေကို တုံ့ပြန်နိုင်ဖို့အတွက် SCO အဖွဲ့ဟာ မဟာဗျူဟာကျတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ကူးပြောင်းလာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

 

ဒါ့အပြင် SCO ရဲ့ အခြေခံမူတွေဖြစ်တဲ့ ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာကို လေးစားမှုရှိရေးနဲ့ တန်းတူညီမျှမှုရှိရေးတို့ဟာ မြန်မာနိုင်ငံလို နိုင်ငံတွေအတွက် နိုင်ငံတကာစင်မြင့်ပေါ်မှာ ရပ်တည်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဟာ မူလက ဒေသတွင်းလုံခြုံရေးအတွက် ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့်၊ အခုအခါမှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

ဒီအဖွဲ့ထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေက အဓိက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် တင်သွင်းခဲ့တဲ့ “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပဏာမအဆိုပြုချက် (GGI)” ကို အပြည့်အဝ ထောက်ခံတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

 

ဒီထိပ်သီးအစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – pro SAC