ဘုန်းကြီးတစ်ပါးရဲ့ ဓမ္မပြုကျင့်ခံရပြီး အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခံခဲ့ရတဲ့ ၅ တန်းကျောင်းသူရဲ့ ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေ

Author CJ Platform
Categories
Published on Oct 15, 2025

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဘုန်းကြီးတစ်ပါးရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ပါ အတင်းအဓမ္မ ဖျက်ချခံခဲ့ရတဲ့ ၅ တန်းကျောင်းသူဟာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့် သားအိမ်ထုတ်ပယ်ရနိုင်တဲ့အထိ အခြေအနေဆိုးရွားနေပြီး၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဖြစ်တာကြောင့် ဆေးဝါးကုသမှုအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ဒီနှစ် ဇွန်လကတည်းက ကျောင်းတိုက်မှာ မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ကိုယ်ဝန် ၅ လရရှိချိန်မှာတော့ တရားစခန်းပွဲများကို သွားရောက်ရန်လို့ အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချစေခဲ့တာပဲ ဖြစ်ပါတယ်။

 

သူဟာ အခုနှစ် ဇွန်လလောက်ကတည်းက ကျောင်းတိုက်မှာ မှီခိုနေထိုင်တဲ့ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး၊ ကိုယ်ဝန် ၅ လကျော် ရလာချိန်မှာတော့ အရပ်လက်သည်နဲ့ အတင်းအဓမ္မ ဖျက်ချစေခဲ့တာဖြစ်ပါတယ်။

 

 

အဲဒီဖြစ်စဉ်ကို ကလေးငယ် တက်ရောက်ပညာသင်ကြားနေတဲ့ စာသင်ကျောင်းမှ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း ကလေးငယ်အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေက သိရှိသွားကြပြီး မြောင်းမြရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ချိန်မှာ  အဆိုပါဘုန်းကြီးဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ ဘုန်းကြီးကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

“ဘုန်းကြီးကိုက ၁၃ ရက်နေ့က ဖားအံမှာ ဖမ်းမိတယ်၊ ဖားအံကနေ မြောင်းမြကို ဖမ်းခေါ်လာတုန်းပဲလို့ သိရတယ်၊ ကလေးက မြောင်းမြဆေးရုံမှာ သားအိမ်ထုတ်ရဖို့အထိ ဖြစ်နေတယ်” လို့ အဲဒီအကြောင်းကို သိရှိထားသူ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ကျူးလွန်ခံရသူ ကလေးရဲ့ မိသားစုဟာ နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဖြစ်တာကြောင့် ဆေးဝါးကုသစရိတ်အတွက် အလွန်အခက်အခဲဖြစ်နေပြီး၊ လက်ရှိမှာတော့ ကလေးငယ်ရဲ့ စာသင်ကျောင်းက တာဝန်ရှိသူတွေကပဲ အဓိက လိုက်လံကူညီပေးနေရတယ်လို့ ဆိုပါတယ်။

 

“ကလေးရဲ့ အမေကိုတော့ စာသင်ကျောင်းမှာ အလုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်၊ အခုလို ကလေးငယ်တစ်ယောက် ဖြစ်သွားတာကို မိခင်နဲ့ကလေးအသင်းတို့၊ အမျိုးသမီးရေးရာတို့က ဘာမှ လာမကူညီဘူး၊ မဲဆွယ်ချင်နေတဲ့ ပါတီတွေလည်း မကူညီဘူး၊ အတော်ကို ခက်ခဲနေကြတယ်၊ ကလေးကိုတော့ ကျောင်းကနေ ပြန်ကောင်းရင် ကျောင်းဆက်တက်ဖို့ စီစဉ်ပေးမယ် ကြားတယ်” လို့ အမှုဖြစ်စဉ်ကို သိရှိထားသူ အခြား မြောင်းမြမြို့ခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ ကျူးလွန်သူဟုဆိုသူ ဦးဥတ္တမ ခေါ် ဦးအေးလွင်ကို မြောင်းမြမြို့မရဲစခန်းက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပုံစာ – ကျူးလွန်သူလို့ စွပ်စွဲခံရသူ ဦးဥတ္တမ (ခေါ်) ဦးအေးလွင်ကို မြင်ရပုံ