စစ်တွေမြို့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်အုပ်စုက မြို့လက်မလွှတ်ရရေး အပြင်းအထန်ခုခံနေ

Author CJ Platform
Categories
Published on Oct 17, 2025

ရခိုင်ပြည်၊ စစ်တွေမြို့ အနီးတစ်ဝိုက်မှာ အခု အောက်တိုဘာ တတိယပတ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုပြင်းထန်လာကာ စစ်အုပ်စုကလည်း လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်တွေမြို့အတွင်းကို စစ်အုပ်စုက ထိန်းချုပ်ထားပေမယ့် မြို့ပတ်ပတ်လည်မှာတော့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတာပါ။ စစ်တွေမြို့အနီး တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ကလည်း အခု အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

 

“စစ်တွေမြို့ အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်တာမျိုးတွေ ရှိတယ်။ ဖရုံကာကျွန်း အဲဒီဘက်မှာ AA ရှိတယ်လို့ ယူဆရတဲ့ နေရာတွေကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ကင်းထောက်တာ၊ ဗုံးကြဲတာမျိုးတွေ ရှိတယ်။ အခုရက်ပိုင်းထဲ ပစ်ခတ်သံတွေ တောက်လျှောက်ကြားနေရတယ်” လို့ စစ်တွေဒေသခံက CJ Platform ကို ပြောပါတယ်။

 

စစ်တွေမြို့ အနီးတစ်ဝိုက်မှာ အခု အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာတာဖြစ်ပြီး စစ်တွေမြို့ အခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းနဲ့ အခြားနေရာတွေကနေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

 

စစ်တွေမြို့အနီးဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပေမယ့် စစ်ကော်မရှင်ကတော့ စစ်တွေမြို့အပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ပါ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

 

လက်ရှိမှာတော့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်း၊ ရခိုင်-ဧရာဝတီအစပ်နဲ့ ရခိုင်-ပဲခူးအစပ်တို့မှာ AA နဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပြီး အခု အောက်တိုဘာ ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ရွာအနီးက စစ်အုပ်စုတပ် ပွိုင့် ၆၆၆ စခန်းကို AA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူထားနိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Mapillary