ICNCC CC အကွဲအပြဲအပေါ် ချင်းပြည်သူတွေ ဘာပြောလဲ? အပိုင်း(၂)
အစောဆုံးလွတ်မြောက်နယ်မြေဖြစ်မယ်လို့ ကျွမ်းကျင်သူတွေသာမက မကျွမ်းကျင်သူ ပြည်သူတွေပါ ခန့်မှန်းသိခဲ့ကြပေမဲ့ အခုတော့ ချင်းပြည်မှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နဲ့ ချင်းပြည်ကောင်စီ(CC)ဆိုပြီး နှစ်ဖွဲ့ကွဲနေကြလို့ တော်လှန်ရေး ရှေ့ရောက်ဖို့ ခက်ခဲနေပါတယ်။ အခုဆိုရင် ချင်းလက်နက်ကိုင်တွေကြား အချင်းချင်း သွေးထွက်သံယိုဖြစ်တဲ့အထိ တိုက်ခိုက်မှုတွေပါရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ချင်းပြည်သူတွေရဲ့ ဆန္ဒ၊ တော်လှန်ရေးအပေါ်ထားရှိတဲ့ သူတို့ရဲ့သဘောထားတွေနဲ့ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးခံစားနေရပုံတွေအကြောင်းကို CJ Platform က ချင်းပြည်သူတွေထဲက အသက် ၂၆ နှစ်အရွယ် အရမ်းပွီး Areng Pui နှင့် ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြသွားပါမယ်။
CJ – အခုလက်ရှိ ဘယ်လိုနေပြီး ဘယ်လိုထိုင်စားသောက်နေရပါသလဲ။ ဘယ်မြို့ကနေ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါသလဲ။ ဘယ်အချိန်ကစပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရပါသလဲ။ မိသားစုဝင်ဘယ်နှယောက်ရှိပါသလဲ။ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်နေရပါသလဲ။
ဖြေ – ကျွန်တော့်နာမည် အရန်းပွီး ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာ နေထိုင်နေပါတယ်။ ကျွန်တော်ကတော့ ပလက်ဝမြို့နယ်ကနေပေါ့။ အာဏာသိမ်းပြီးနောက်မှာ တော်လှန်ရေးမှာ ပါဝင်ရင်း ဒီလွတ်မြောက်နယ်မြေမီဇိုရမ်ကိုရောက်နေတာဖြစ်တယ်။ မိသားစုနဲ့အတူ မဟုတ်ဘူး။ မိသားစု အကုန်လုံးက စစ်ရှောင်စခန်းမှာရှိနေကြတယ်။ ဒီဘက်ရောက်တာကတော့ ကျွန်တော်တစ်ယောက်တည်းပါ။
အရင်ဦးဆုံးအခက်ခဲလို့ပြောရမယ်ဆိုရင် ကျွန်တော့်မှာတော့ ဘာမှထွေထူးမရှိဘူး။ တစ်ယောက်တည်း တစ်ကိုယ်တော်သမားဆိုတော့ ဖြစ်သလို နေ၊ ဖြစ်သလို စားသောက်နေရတော့ အဆင်တော့ပြေပါတယ်။ မိသားစုနဲ့ ကျွန်တော်နဲ့အဆက်အသွယ်မရတာ ၂ နှစ်ကျော်ရှိနေပြီ။ ဆမီးမှာတိုက်ပွဲဖြစ်ကတည်းကနေ ကျွန်တော်တို့ အဆက်အသွယ်မရဘူးပေါ့လေ။ ပြီးတော့ သူတို့ စစ်ရှောင်တဲ့နေရာကလည်း အင်တာနက်လိုင်း၊ ဖုန်းလိုင်းကောမရတဲ့အနေအထားဖြစ်တော့ အဆက်သွယ်ပြတ်နေတယ်။ ဘယ်လိုမျိုးအခက်အခဲတွေရှိ ကြမယ်ဆိုတာအတိအကျမသိပေမဲ့ သူတို့စစ်ရှောင်တဲ့နေရာတွေသည် လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲတဲ့နေရာတွေဖြစ်တော့ သူတို့ရဲ့စားဝတ်နေရေး၊ သောက်ရေးတွေ၊ နေထိုင်ရေးတွေက အတိုင်းအတာတစ်ခုအထိ အခက်အခဲရှိလိမ့်မယ်လို့ထင်တယ်။ ဒါပေမဲ့အဆက်အသွယ်တွေမရတဲ့အတွက် အတိကျတော့မသိရဘူးပေါ့လေ။
CJ – အခု ချင်းပြည်ထဲမှာ ICNCC(ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)နဲ့ ချင်းပြည်ကောင်စီ(CC)ဆိုပြီး ကွဲပြားနေတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ – ဟုတ်ကဲ့။ ဆိုတော့ ကျွန်တော့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင် ဒီဟာကကျတော့ ကွဲနေတယ်ဆိုတာ ထက်ကိုပေါ့လေ။ မူဝါဒအားဖြင့် မတိုက်ဆိုင်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် ကျေကျေလည်လည် မဆွေးနွေးကြသေးဘူးလို့ပဲ ကျွန်တော်တော့မြင်တယ်။ ဘာလို့ဆိုရင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ICNCC ထွက်လာတယ်။ သူတို့ရဲ့ အဓိကပန်းတိုင်ကကျတော့ ချင်းပြည်အစိုးရ ပေါ်ပေါက်လာရေးကို ကြိုးပမ်းမယ်ဆိုပြီးတော့ပေါ့လေ။ အဲဒီမှာဆိုရင် အစုအဖွဲ့အသီးသီးကနေပါကြတယ်။ ဒီလိုမျိုးသူတို့ရဲ့ကြိုးစားမှုကလည်း အတိုင်းအတာတစ်ခုထိရှိပြီး တစ်နှစ်ကျော်၊ ၂ နှစ်ကြာလာတဲ့အချိန်မှာ အစိုးရမဖွဲ့နိုင်သေးဘူးပေါ့။ ဒီလိုမျိုး အစိုးရမဖွဲ့နိုင်ချိန်မှာ နောက်ထပ် Platform တစ်ခုအနေနဲ့ CC(Chinland Council)ပေါ့လေ။ CC ထွက်လာတယ်။ အဲဒီ CC မှာလည်း ထိုနည်းလည်းကောင်းပဲ။ ချင်းပြည်အစိုးရ ထွက်လာဖို့ဆိုတဲ့ဟာပေါ့။ သူတို့မှာ ရည်ရွယ်ချက်တွေက တူနေကြတယ်။ ဆိုတော့ အခုချိန်မှာ အပေါ်ယံကနေကြည့်မယ်ဆိုရင်တော့ အဖွဲ့အစည်းကနှစ်ခုလို ဖြစ်သွားပေမဲ့ ကျွန်တော်မြင်တာက သူတို့နှစ်ဖွဲ့သာ Negotiate လုပ်ပြီး ပြန်ဆွေးနွေးပြီးတော့ သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ ချင်းပြည်အစိုးရပေါ်လာရေး၊ ချင်းပြည်စည်းလုံးရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးဆိုတဲ့ပန်းတိုင်ကို ကြည့်ပြီးတော့ ပြန်ညှိနှိုင်းနိုင်မယ်ဆိုရင် ဒါကပြဿနာ မရှိဘူးလို့ကျွန်တော်တော့ မြင်ပါတယ်။
CJ – ဒီကွဲလွဲနေတာတွေကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ဘာတွေထိခိုက်ခံစားရပါသလဲ။
ဖြေ- ဟုတ်ကဲ့။ ပြည်သူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် လမ်းပျောက်နေတာပေါ့လေ။ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိဖြစ်နေတဲ့အနေအထားတော့ဖြစ်သွားတာပေါ့။ ဆိုတော့ အဓိကပြည်သူတွေက ချင်းပြည်ထောင်တစ်ခု၊ ချင်းပြည်အစိုးရတစ်ခု ပေါ်ပေါက်လာချင်တာလေ။ အခုလိုမျိုး မူဝါဒမတိုက်ဆိုင်မှုကြောင့် နှစ်ခုလိုပုံစံဖြစ်တဲ့အချိန်မှာ ပြည်သူတွေက ဒွိဟဖြစ်တာပေါ့။ ဘယ်သူက ကျွန်တော်တို့ရဲ့ အစိုးရဖြစ်မလဲ၊ ဘယ်သူ့ကိုအားပေးရမလဲ၊ ဘယ်သူ့ကို ပံ့ပိုးရမလဲဆိုတဲ့ဟာတော့ဖြစ်နေတယ်၊ ICNCC ဘက်ကလည်း သူတို့နိုင်မယ့်ပြည်သူတွေကို သူတို့စကားပြောလိမ့်မယ်။ CC ဘက်ကလည်း သူတို့နိုင်မယ့် ပြည်သူတွေကို စကားပြောလိမ့်မယ်။ ဒီလိုမျိုးပုံစံဖြစ်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု ကြားမှာဆိုရင် ပြည်သူလူထုတွေက တစ်ဖက်မှာ စောင့်ကြည့်ဖို့လိုသလို၊ တစ်ဖက်မှာက ဘယ်သူ့ကို Support လုပ်ရမှန်းမသိ ဖြစ်နေတဲ့အခါ ဟိုမရောက်ဒီမရောက်ပုံစံဖြစ်နေတာပေါ့ ၊ နှစ်ဖက်ကွဲတဲ့ကြောင့်မလို့ အားမလိုအားမရ ဖြစ်တာပေါ့လေ။ အစိုးရအပေါ်မှာ ဒီအားမလိုအားမရတော့ဖြစ်တာပေါ့လေ။
CJ – အခုလို တော်လှန်ရေးကာလမှာ အခုလိုချင်းပြည်သူတွေ အချင်းကွဲကြတာဟာ ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူးဆိုတော့ ဒီဖြစ်ရပ်အပေါ် ဘယ်လိုများဆန္ဒရှိပါသလဲ။
ဖြေ – အခုန ကျွန်တော်ပြောသလိုပဲ။ ကွဲတဲ့ ပြဿနာတွေသည် မူဝါဒမတိုက်ဆိုင်တဲ့ဟာတွေဖြစ်တယ်ပေါ့။ အခုချိန်မှာဆိုရင် ကျွန်တော့်ရဲ့ Personally အရပြောရမယ်ဆိုရင်တော့ Chin Government ဖြစ်လာတဲ့အပေါ် ကျွန်တော်ကတော့ကြိုဆိုတယ်။ လက်ခံတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ ဒီ CC မှာ ကြည့်လိုက်မယ်ဆိုရင် အတိုင်းအတာတစ်ခုထိ အချိန်တစ်ခုအတွင်းလုပ်နိုင်တယ်။ ဒါပေမဲ့လို့ ပြည့်စုံတဲ့အရာမဟုတ်ဘူး။ ကျွန်တော်တို့ လိုအပ်ချက်တွေအများကြီးရှိတယ်။ တစ်ဖက်မှာကလည်း ICNCC ဘက်ကရော၊ CC မှာမပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဆွေးနွေးရမှာပေါ့။ CC မှာ မပါဝင်ဘူးဆိုတာမျိုးထက် ဘာလို့ မပါတာလဲ။ ဘယ်အချက်တွေကိုမကြိုက်တာလဲ။ ဘယ်အချက်တွေကို ဘယ်လိုပြင်ချင်တာလဲဆိုတဲ့ တိတိကျကျ ထောက်ပြတဲ့ဟာမျိုးနဲ့ကို သွားပြီးတော့ ဆွေးနွေးရမှာပေါ့လေ။ အဲဒီလို ဆွေးနွေးတဲ့အခါ CC ဘက်ကလည်း တစ်ဖက်လူက တောင်းဆိုလာပြီး ဆွေးနွေးတဲ့အပေါ်မှာ ကိုယ်က CC ကို မောင်ပိုင်စီးထားသလိုမဟုတ်ဘဲနဲ့လေ။ ကိုယ့်အပိုင်လိုယူထားတဲ့ပုံစံမဟုတ်ဘဲနဲ့ အတိုးအလျော့တွေကိုလုပ်ပြီး တွေ့ဆုံဆွေးနွေးတဲ့လမ်းကြောင်းနဲ့ အဖြေရှာကြဖို့လိုတယ်ပေါ့လေ။ အဲဒီလိုမျိုး အဖြေရှာကြမှသာလျှင် အစုအဖွဲ့တစ်ခုဖြစ်လာမှာပေါ့။ ဒီလိုမျိုး မူဝါဒ မတိုက်ဆိုင်လို့ ခဏမပေါင်းကြတာပေါ့လေ။ ကွဲကြတယ်လို့တော့ ကျွန်တော်ကသိပ်မပြောချင်ဘူး။ မူဝါဒမတူကြလို့ သဘောတူညီချက်မရကြလို့ ခဏတာမစုစည်းနိုင်ကြဘူးလို့ပဲ ကျွန်တော်ကမြင်တယ်။ ဒီလိုအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတာကလည်း သတိထားမယ်။ အပြန်အလှန် အသိမှတ်ပြုရမယ်။ အပြန်အလှန်လေးစားမှုတွေနဲ့ ဆွေးနွေးကြရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ တစ်ဖက်လုပ်တဲ့ ဟာကို ကိုယ်က ကန့်ကွက်၊ တိုက်ခိုက်နေမယ်ဆိုရင် ပြဿနာက ကြီးထွားနိုင်တယ်။ နောက်ဆိုရင် ချင်းပြည်နယ် အတွင်းရှိတဲ့ ပြဿနာတွေကြားကို တစ်ခြားရန်သူတစ်ယောက်ယောက်က ဝင်မလာနိုင်ဘူးလို့ ကျွန်တော်တို့က ပြောမရဘူးလေ။ ဒါကြောင့် အမျိုးသားစည်းလုံးမှုကိုအခြေခံပြီးတော့မှ တစ်ယောက်မှာ တစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေနဲ့အညီ တစ်ယောက်ကိုတစ်ယောက် Respect ထားပြီးတော့ တွေ့ဆုံဆွေးနွေးပွဲကနေ အဖြေရှာကြမယ်ဆိုရင်တော့ ဒီဟာက အဖြေတစ်ခုတော့ ထွက်လာမယ်လို့မြင်ပါတယ်။
CJ – ပြန်လည်ပူးပေါင်း သွားကြမယ့်လမ်းစရော ရှိနိုင်တယ်လို့ထင်ပါသလား။
ဖြေ – ပထမတစ်ချက်ပေါ့လေ။ ပူးပေါင်းနိုင်တဲ့လမ်းကြောင်းက ကျွန်တော်မြင်တဲ့ဟာကိုပြောရမယ်ဆိုရင် ကျွန်တော်ရဲ့အမြင်ဖြစ်တဲ့အတွက် မှားလည်းမှားနိုင်တယ်ပေါ့လေ။ ဆိုတော့ တစ်ဖက်ကလည်း ICNCC ဘက်ကလည်း တင်းခံနေတဲ့အနေအထားရှိတယ်ပေါ့။ CC ဘက်ကလည်း ကြိုးစားအားထုတ်မှုပိုင်းမှာ အနည်းငယ်အားငယ်တာတွေ့ရတယ်ဆိုတော့ ဥပမာ CC က သွားဆွေးနွေးရင်တောင်မှ သူတို့က လာပြီးစည်းရုံးတယ်ဆိုပြီး မြင်ကောင်းမြင်နိုင်တယ်။ အဲဒီလိုပါပဲ။ ICNCC ကလည်း CC ဘက်ကို မပူးပေါင်းချင်ဘူး။ ဒီလိုမျိုးတွေ သူတို့မှာ နိုင်ငံရေးမာနလို့ပြောရမလား။ သူတို့ရဲ့ပုဂ္ဂိုလ်ရေးမာန ရှိတဲ့အချိန်မှာကကျတော့ အတိုင်းအတာတစ်ခုထက် ခက်ခဲကောင်းခက်ခဲနိုင်တယ်။ ဒါကြောင့် ကျွန်တော်မြင်တာက သူတို့နှစ်ယောက်က စည်းရုံးပေးနိုင်မယ့် သူတို့နှစ်ယောက်ကို ကြားခံအနေနဲ့ ဆွေးနွေးပေးနိုင်တဲ့အဖွဲ့အစည်းတစ်ခုတော့ လိုတယ်ကျွန်တော်မြင်တယ်။ အဲဒီအဖွဲ့အစည်းက ICNCC ကိုလည်း သွားညှိနှိုင်းပေးမယ်။ CC ဘက်ကိုလည်း သွားညှိနှိုင်းပေးမယ်၊ သူတို့ဥပမာသဘောက ICNCC က CC ကို မကြိုက်ဘူးဆိုရင် ဘယ်အချက်တွေ မကြိုက်တာလဲ။ ဘယ်အချက်တွေကို ဘယ်လိုပြင်ချင်တာလဲဆိုတဲ့ဟာတွေကိုကြားခံတစ်ယောက်က မေးရမှာပေါ့။ ညှိနှိုင်းပေးရမှာပေါ့လေ။ အဲဒီက ရလာတဲ့ဟာတွေကို CC ဘက်ကိုလည်း ပြောရမှာပေါ့။ ဒီလိုဒီလို ICNCC ဘက်ကတော့ ဒီလိုဖြစ်တယ်။ CC ဘက်က ဘယ်လိုပြင်ပေးနိုင်မလဲ။ ဘယ်လောက်ထိအတိုး အလျော့လုပ်ပေးနိုင်မလဲဆိုတာ Individually အနေနဲ့ ICNCC ဘက်ကိုလည်း ညှိနှိုင်းမယ်၊ CC ဘက်ကိုလည်း ညှိနှိုင်းမယ်၊ ရလာတဲ့ Result ကိုအခြေခံပြီးတော့ သုံးပွင့်ဆိုင် ဆွေးနွေးကြမယ်ဆိုရင်တော့ ဒါက အဖြေတစ်ခု ထွက်လာမယ်။ ဒီလိုမျိုးလုပ်တဲ့အခါမှာ ပြည်သူတစ်ရပ်လုံးကလည်း ပါဝင်အားဖြည့်ဖို့လိုသလို တစ်ခြားမှာ အိမ်နီးချင်းနိုင်ငံတွေ၊ မီဇိုရမ်ဘက်မှာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာမှာရှိတဲ့ တတ်သိပညာရှင် တွေပူးပေါင်းပြီးလုပ်ပေးမယ်ဆိုရင် သူတို့နှစ်ယောက်ပြန်လည်ပူးပေါင်းနိုင်မယ်လို့မြင်ပါတယ်။
CJ – အခုဆိုရင် ICNCC နဲ့ CC လက်အောက်ခံတပ်ဖွဲ့တွေ အချင်းချင်းလူသေဆုံးတဲ့အထိ တိုက်ခိုက်မှုတွေရှိလာတဲ့အပေါ်ရော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ – အရင်ဦးဆုံးပြောချင်တာ အတော်လေးစိတ်မကောင်းဖြစ်တယ်ပေါ့လေ၊ ဘာလို့လဲဆိုရင် ကျွန်တော်တို့က စစ်ကောင်စီနဲ့တိုက်လို့ ရဲဘော်တွေကျတယ်ဆိုရင် ဂုဏ်ယူဝင့်ကြွားစရာဖြစ်တယ်။ ဒါပေမဲ့ အချင်းချင်းကြားမှာ မပြေလည်တဲ့ကြားမှာ လက်နက်နဲ့ဖြေရှင်းကြတာက တော်တော်လေး စိတ်မကောင်းစရာဖြစ်တယ်။ လုပ်လည်းမလုပ်သင့်တဲ့အရာလို့လည်း ကျွန်တော်ကမြင်တယ်။ ကျွန်တော်တို့မှာ လက်နက်နဲ့ ဖြေရှင်းစရာမလိုဘဲ ဖြေရှင်းနိုင်တဲ့ Platform တွေအများကြီးရှိတယ်ပေါ့လေ။ ကျွန်တော်တို့လက်နက်ကိုင်တာသည် ကျွန်တော်မြင်တဲ့ဟာပေါ့။ ကျွန်တော့်ရဲ့ ခံစားချက်က ကျွန်တော်တို့အချင်းချင်းကို သတ်ဖြတ်ဖို့၊ အချင်းချင်းကို ပြန်တိုက်နေဖို့ မဟုတ်ဘူး။ ဆိုတော့ ကျွန်တော်တို့က အာဏာရှင်ကို၊ မင်းအောင်လှိုင်ကိုတော်လှန်ဖို့။ လက်နက်ကိုင်တာဖြစ်တဲ့အတွက် ပထမတစ်ချက်က ကိုယ်လက်နက်ကိုင်ရတဲ့ ရည်ရွယ်ချက်ကို မေ့မထားသင့်ဘူး။၊ အချင်းချင်းမှာက ညီအစ်ကိုချင်းချင်းတောင် တစ်ခါတလေမှာ ရန်ဖြစ်ကြသေးတာပဲ။ သဘောက မိသားစုတစ်ခုတည်းမှာ ရန်ဖြစ်ကြသေးတာပဲ။ အခု အချင်းချင်းဖြစ်တဲ့ပြဿနာတွေကလည်း စားပွဲပေါ်မှာ ရောက်အောင်ကို သွားညှိနှိုင်းရမှာ။ တချို့အဖွဲ့အစည်းတွေကလည်း ပြဿနာဖြစ်တဲ့အရာမှာ မီးလောင်ရာလေပင့်သလို မဖြစ်ဘဲနဲ့ အားပေးအားမြောက်မလုပ်ဘဲနဲ့ ဘေးကနေဝိုင်းဝန်းထိန်းညှိပေးဖို့လိုတယ်လို့တော့ ကျွန်တော်ကမြင်ပါတယ်။
CJ – ချင်းပြည်သူတစ်ယောက်အနေနဲ့ အခုတော်လှန်ရေးအပေါ် ဘယ်လောက်အထိ မျှော်မှန်းထားပါသလဲ။ အခုလိုအကွဲအပြဲကြောင့် တော်လှန်ရေးနှောင့်နှေးသွားနိုင်တယ်လို့ထင်ပါသလား။
ဖြေ – ဟုတ်ကဲ့ ဒီလိုမျိုးအကွဲအပြဲတွေဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ တော်လှန်ရေးမှာ အများကြီး နှောင့်နှေးသွားစေနိုင်တယ်လို့မြင်တယ်။ ဘာလို့ဆို ကျွန်တော်တို့မှာ မစုစည်းနိုင်သေးတော့ One way လမ်းကြောင်းတစ်ခုပေါ် သွားဖို့ဆိုတာက နည်းနည်းခက်တယ်။ ဆိုပါစို့ နယ်မြေထိန်းသိမ်းနိုင်ပြီ၊ အုပ်ချုပ်ရေးတွေ အကောင်အထည်ဖော်လာကြတော့မယ့်အချိန်ဆိုရင် ကျွန်တော်တို့က အချင်းချင်း ပွတ်တိုက်နေမယ်ဆိုရင် ခရီးမရောက်ဘူးလေ။ အချင်းချင်းကြားမှာ ပြန်ဆွေးနွေးရမယ်။ ပြန်စကားပြောရမယ်။ ကျွန်တော်တို့ သွားချင်တဲ့လမ်းကြောင်းက ခရီးမရောက်နေဘူး။ အဲဒီလို ဖြစ်နေမှာပေါ့။ တကယ်လို့ ကျွန်တော်တို့က တစ်စုစည်းတည်း သွားမယ်ဆိုရင် ဘာမှ ဒီလိုမျိုးနယ်မြေကိစ္စတို့ ဘာတို့ပြောစရာမလိုတော့ဘူး။ လုပ်စရာရှေ့မှာ ရှေ့ကိုသွားမယ့်လမ်းကြောင်းပဲ ရှိတော့မှာ။ ဒါဆိုရင် ကျွန်တော်တို့လုပ်မယ့်အရာက အာဏာရှင်ကိုတော်လှန်ဖို့ မင်းအောင်လှိုင်ကို တော်လှန်ဖို့ပဲဖြစ်တော့မယ်ဆိုရင် ဝိုင်းဝန်းပြီးတော့ တွန်းလို့ ရတယ်ပေါ့လေ။ အဲဒီလိုဆိုရင် ပိုပြီးတော့လည်း ခရီးရောက်တာပေါ့။ အဲဒီလိုမျိုးတော့ သွားမြင်ပါတယ်။
CJ – အခုလက်ရှိ ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့တွေကို ချင်းပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုတိုက်တွန်းပြောကြားလိုတာများရှိပါသလဲ။
ဖြေ – ပထမတစ်ချက်က မာနတွေလျော့ကြဖို့လိုတယ်။ ပြည်သူ့ရဲ့မျက်နှာကိုကြည့်ဖို့ လိုတယ်။ ဒီတော်လှန်ရေးလုပ်တယ်ဆိုတာက ကျွန်တော်တို့ပြည်သူတွေလွတ်မြောက်ဖို့ပဲ။ ဒါက ကျွန်တော်တို့ရဲ့ အကျိုးအမြတ်ပေါ့လေ။ ကိုယ့်ဟာနဲ့ကိုယ် ထိုင်ခုံချင်းလုနေဖို့၊ နေရာချင်းလုနေဖို့၊ အဖွဲ့စည်းချင်းလုနေဖို့ဆိုတာက ကျွန်တော်တို့ရဲ့ အကျိုးအမြတ်မဟုတ်ဘူး။ မူဝါဒချင်းတွေ မတိုက်ဆိုင်တဲ့ဟာတွေကို ကျွန်တော်တို့က ခွဲထွက်ပြီးလက်နက်နဲ့ ဖြေရှင်းတဲ့လုပ်ရပ်တွေထက်စာရင် မတူညီတဲ့အိုင်ဒီယာတွေ၊ မတူညီတဲ့ အမြင်တွေ၊ မတူညီတဲ့ မူဝါဒတွေကို စုစည်းပြီး ကျွန်တော်တို့မှာ တူညီတဲ့ဟာတွေ အများကြီးရှိတယ်။ ဒီလိုမျိုးတွေ စုစည်းဖို့လိုတယ်လို့ ပထမချက်ပြောချင်တယ်။ တော်လှန်ရေးခေါင်းဆောင်အင်အားစုတွေ အနေနဲ့ကို ပြောချင်တာပေါ့။
တစ်ဖက်မှာ တော်လှန်ရေးရဲဘော်တွေ ကျွန်တော်တို့က လက်နက်ကိုင်ပြီဆိုတာနဲ့ကို ဘယ်လိုပြောရမလဲ။ အာဏာရှင်မဆန်ဖို့လိုတာပေါ့လေ။ လက်နက်ရှိလို့ ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုး အဲဒီဘောင်ထဲကို မဝင်သွားဖို့လိုတယ်။ ကျွန်တော်တို့ လက်နက်ကိုင်ရခြင်းရည်ရွယ်ချက်က ပြည်သူတွေကို ကာကွယ်ရမှာဖြစ်တယ်ဆိုတာကို ခေါင်းထဲထည့်ထားဖို့လိုတယ်။ အဲဒီအတွက်ကြောင့် လက်နက်ရှိ ကျွန်တော်တို့ လုပ်ချင်ရာလုပ်မယ်ဆိုတာကို ဖျောက်ဖို့လိုတယ်။ အဲဒီအတွက် ထစ်ခနဲဆို လက်နက်ဖြေရှင်းတယ်ဆိုတာကို အတတ်နိုင်ဆုံး ဘယ်သူမဆိုပေါ့ဗျာ။ ဘယ်အဖွဲ့အစည်းမဆို အလေ့အကျင့်တွေကို အတတ်နိုင်ဆုံးရှောင်ဖို့လို တယ်သွေးထွက်သံယိုဖြစ်စေမယ့် ပွတ်တိုက်မှုတွေဖြစ်စေမယ့်အရာတွေကို ရှောင်ရှားဖို့လိုတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။
CJ – ဖြည့်စွက်ပြောလိုတာရှိပါက ပြောပေးစေလိုပါတယ်။
ဖြေ -ဖြည်စွက်စရာတော့မရှိတော့ပါဘူး။ ဖြေကြားခွင့်ရအတွက် ခံစားချက်တွေဖွင့်ပြခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။