ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီဝင်တွေ တွေ့ဆုံပွဲမှာ ပါတီဝင်တွေ မလာလို့ အရပ်သားတွေကို ထမင်းကျွေးခေါ်ယူ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကန်သုံးဆင့်ရိပ်သာမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်များတွေ့ဆုံပွဲကို ပါတီဝင်တွေ မလာလို့ အရပ်သားတွေကို ပိုက်ဆံပေးခေါ်ယူကာ အင်အားပြခဲ့ရတယ်လို့ ပွဲတက်ရောက်ခဲ့သူတွေဆီက သိရပါတယ်။
ပုသိမ်မြို့၊ ကန်သုံးဆင့်ရိပ်သာမှာ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၈ နာရီမှာ ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ပါတီဝင်များတွေ့ဆုံပွဲကို တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်က ပါတီဝင်တွေ စုစည်းတွေ့ဆုံတဲ့ပွဲဖြစ်တယ်လို့ တိုင်းအဆင့် ပါတီတာဝန်ရှိသူတစ်ဦးက အဲဒီပွဲမှာ ပြောကြားခဲ့ပါတယ်။
“အုပ်ကြီးကနေ ခေါ်လို့ လိုက်လာရတာ၊ ပိုက်ဆံတော့ မပေးဘူး၊ ထမင်းကျွေးတယ်၊ မုန့်ကျွေးတယ်၊ တိုင်းအဆင့်ပါတီဝင်များ တွေ့ဆုံပွဲလို့ သူတို့ပြောတယ်” လို့ အဲဒီပွဲကို ခေါ်ယူခြင်းခံခဲ့ရသူ ပါတီဝင်မဟုတ်တဲ့ အရပ်သားတစ်ဦးက CJ Platform ကို ပြောပါတယ်။
တွေ့ဆုံပွဲအတွင်း စစ်အုပ်စုက လုပ်ဆောင်မယ့် ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးကိစ္စတွေ၊ ပါတီဝင်တွေ မဲဆွယ်ချိန်မှာ နှောင့်ယှက်ခြင်းခံရပါက ချက်ချင်းတိုင်ကြား သတင်းပေးပို့ဖို့ ကိစ္စတွေနဲ့ ပါတီဥက္ကဋ္ဌ ဦးခင်ရီရဲ့ အကြောင်းတွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီပွဲကို စည်ကားစေရေးအတွက် မြို့နယ်အလိုက် Light Truck မော်တော်ယာဉ် အနည်းဆုံး ၃ စီးနဲ့ အင်အား ၃၀ ခန့် ပါဝင်ပေးရတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့မြို့က ကားသုံးစီးထွက်တယ်၊ တစ်ဝက်ကျော်က လိုက်ခေါ်ထားတဲ့သူတွေ၊ ပါတီဝင်တွေ မဟုတ်ဘူး၊ ကန်သုံးဆင့်ထဲမှာ ကားအစင်း ၅၀ လောက်တွေ့တယ်၊ အင်အားက ၃၀၀ လောက်ရှိတယ်” လို့ ပါတီဝင်မဟုတ်ဘဲ ပွဲတက်ရောက်ဖို့ ခေါ်ယူခံရသူက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ တိုင်းအဆင့် ပါတီဝင်များတွေ့ဆုံပွဲကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က အရပ်ဝတ်နဲ့ လက်နက်တွေ ကိုင်ဆောင်ကာ လုံခြုံရေးရယူပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – USDP
ပုံစာ – ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီက တွေ့ဆုံပွဲတစ်ခုကို မြင်ရပုံ