ယုံကြည်ဖွယ်မရှိတဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲကို EU အနေနဲ့ လေ့လာသူတွေ စေလွှတ်မည်မဟုတ်

စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ဖွယ်ရာရလဒ် ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ ဆိုပြီး၊ ဥရောပသမဂ္ဂ (EU) အနေနဲ့ ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ EU ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် EU လူ့အခွင့်အရေးကိုယ်စားလှယ် Kajsa Ollongren က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ အခြေအနေတွေ မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
“ဒါတွေကို အစိုးရက ကျောထောက်နောက်ခံပေးပြီး လုပ်တဲ့ ရွေးကောက်ပွဲတွေလို့ပဲ ကျွန်မခေါ်မယ်။ အဲဒီလိုသာဆိုရင် ရလဒ်က တစ်မျိုးပဲ ထွက်နိုင်မှာပါ” လို့ သူက ပြောပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ အခြေအနေတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိခြင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ခြင်းနဲ့ နိုင်ငံရေးပါတီအားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခြင်း စတဲ့ အချက်တွေ မရှိသေးဘူးလို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။
EU ရဲ့ ဒီထုတ်ပြန်ချက်မတိုင်မီ တစ်ရက်အလို၊ ဗုဒ္ဓဟူးနေ့တုန်းကပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်က လာမယ့် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းလုံးမှာ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံပြောကြားခဲ့ပါတယ်။
ဒါဟာ နိုင်ငံတစ်ဝန်းလုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိဘူးဆိုတာကို စစ်ခေါင်းဆောင် ကိုယ်တိုင် ဝန်ခံလိုက်တာဖြစ်ပြီး၊ ရွေးကောက်ပွဲရဲ့ အားလုံးပါဝင်နိုင်မှုအပေါ်မှာ ကြီးကြီးမားမား မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။
ဥရောပသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံအများအပြားကလည်း ဒီရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်က ဖြုတ်ချခဲ့တဲ့ အရပ်သားအစိုးရနေရာမှာ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။
တစ်ဖက်မှာတော့ အိမ်နီးချင်း တရုတ်နိုင်ငံက စစ်ကော်မရှင်ရွေးကောက်ပွဲကို ထောက်ခံပြီး လိုအပ်တာတွေကို ကူညီသွားမှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာလည်း အကူအညီပေးနေကြောင်း ပြောကြားထားပါတယ်။
ဓာတ်ပုံ – Pro SAC