ပြန်ပေးဆွဲသူတွေဆီမှာ DKBA စိစစ်ရေးကတ်ပြားတွေ့ရှိမှုနဲ့ပတ်သက်ပြီး ရှင်းလင်း

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ ပြန်ပေးဆွဲမှု ကျူးလွန်သူတွေဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ DKBA က မနေ့ ဇူလိုင် ၂၀ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၁၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်က မြဝတီမြို့နယ်ထဲမှာ ပြန်ပေးဆွဲမှု ကျူးလွန်သူတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဖမ်းဆီးရမိချိန် ဖမ်းဆီးခံထားရသူတွေဆီမှာ DKBA ဗဟိုကုန်သွယ်ရေးဌာနကတ်ပြားတွေကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး BGF တပ်ဖွဲ့ တာဝန်ရှိသူတွေက DKBA တာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းကြားခဲ့တာကြောင့် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ DKBA ဒုတိယကုန်သွယ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီး စောမြင့်ဦးက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့တဲ့ ရဲထက် (ခ) ကိုကိုရဲမြင့် နဲ့ သူ့အဖွဲ့ဝင် ၃၀ ဦး ကို ထုတ်ပေးထားတဲ့ DKBA ဗဟိုကုန်သွယ်ရေးဌာန စိစစ်ရေးကတ်ပြားဟာ ဗဟိုစစ်ဌာနချုပ်ရုံးက တရားဝင်ထုတ်ပေးထားတဲ့ တပ်ဖွဲ့ဝင် စိစစ်ရေးကတ်ပြား မဟုတ်ဘဲ ခရီးသွားလာရာမှာ အဆင်ပြေစေဖို့ ထုတ်ပေးထားတဲ့ ယာယီကတ်သာ ဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး စောမြင့်ဦးက ပြောပါတယ်။
“သူတို့က ကားတို့၊ ကုန်စည်လုပ်ငန်းတွေ လုပ်နေတယ်လို့ပဲ ကျွန်တော်တို့ဆီက ဌာနမှူးကို သူတို့က ပြောတာ။ နောက်ပိုင်းကျမှပဲ ဒီဖြစ်စဉ်တွေ ဖြစ်ပွားလာတာ။ ကျွန်တော်တို့လည်း ဒီဖြစ်စဉ်တွေကို အစအဆုံး သိအောင်လိုက်ပြီးတော့ ကြိုးစားနေပါတယ်။ မိထားတဲ့ တရားခံတွေကိုလည်း စစ်ဆေးမေးမြန်းပြီးတော့ အမှုမှန်တွေ ပေါ်ပေါက်တဲ့အခါ တစ်ခါထပ်ပြီး ချပြပေးပါမယ်” လို့ ဒုဗိုလ်မှူးကြီး စောမြင့်ဦးက သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြဝတီမြို့ စီးပွားရေးလုပ်ငန်းရှင် ဟာဂျီဦးမြတ်ကိုကိုနဲ့ ရဲထက် (ခ) ကိုကိုရဲမြင့်၊ တေဇာလင်း (ခ) ရှောက်ပေါင်း တို့အကြား မိတ်ဆွေအချင်းချင်း ငွေကြေးကိစ္စ ပေးချေရန် ကျန်ရှိနေတာကို အကြမ်းဖျင်းသာ သိရှိထားရပြီး၊ အခုလို ပြန်ပေးဆွဲ ငွေညှစ် ခြိမ်းခြောက်မှု ကျူးလွန်တဲ့အပေါ် DKBA အနေနဲ့ စုံစမ်းစစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲပြစ်မှု ကျူးလွန်သူ ၁၀ ဦးကို DKBA တပ်ဖွဲ့ တာဝန်ရှိသူတွေက ပူးပေါင်းရှာဖွေ ဖမ်းဆီးချိန် တေဇာလင်း (ခ) ရှောက်ပေါင်းကို အသေပစ်ခတ်ဖမ်းဆီးရရှိခဲ့ပြီး၊ ညီဖြစ်သူ ဟိန်းဇော်ထက် (ခ) အသေးလေး ဆိုသူကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့သလို လူ ၃၀ ကို ထုတ်ပေးထားတဲ့ DKBA ကတ်ပြားတွေကိုလည်း ပြန်ရုပ်သိမ်းထားတယ်လို့ DKBA က ပြောပါတယ်။
လက်ရှိဖြစ်စဉ်အတွင်း ပြန်ပေးဆွဲခံရသူ ဦးမြတ်ကိုကိုကို DKBA က ရှာဖွေတွေ့ရှိခဲ့ပေမဲ့ ပြန်ပေးဆွဲကျူးလွန်သူတွေထဲက တစ်ဦးဖြစ်တဲ့ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ရဲထက် (ခ) ကိုကိုရဲမြင့် ကိုတော့ ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – DKBA