ရွေးကောက်ပွဲ နှောင့်ယှက်သူကို သေဒဏ်အထိချမှတ်မယ့် ဥပဒေကို စစ်ကောင်စီ ထုတ်ပြန်

စစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးသူ၊ သေဆုံးအောင် ပြုလုပ်သူတွေကို သေဒဏ်အထိချမှတ်မယ့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ဒီနေ့ ဇူလိုင် ၃၀ ရက်မှာ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေကနေတဆင့် ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ “ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ထဲမှာ ပုဒ်မ ၃၂ ခုပါဝင်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်၊ နှောင့်ယှက်ဖျက်ဆီးပါက ထောင်ဒဏ်သုံးနှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်မယ့်ဥပဒေတွေကိုလည်း ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲမှာ လာရောက်မဲပေးသူတွေအပါအဝင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေ၊ တာဝန်ထမ်းဆောင်နေသူတွေကို ခြိမ်းခြောက်ဟန့်တား နှောင့်ယှက်တာ၊ နာကျင်စေအောင် လုပ်ဆောင်တာ၊ မဲပုံး၊ မဲပေးစက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပျက်စီးအောင် ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ချမှတ်မယ့်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရွေးကောက်ပွဲမှာ ပါဝင်နေသူတွေကို သေဆုံးစေပါက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူတွေအားလုံးကို သေဒဏ်ချမှတ်မယ်လို့ စစ်ကောင်စီက ဖော်ပြထားသလို ပူးပေါင်းကြံစည်သူ၊ အားပေးကူညီသူတွေကိုလည်း ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို ရည်ရွယ်ခြိမ်းခြောက်မှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေ၊ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကို ကာကွယ်ပေးမယ့်ဟန်ကို စစ်ကောင်စီက ဥပဒေထုတ်ပြန်ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကို အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာနက ဥက္ကဌအဖြစ် ဦးဆောင်ကာ ဒုဥက္ကဌအဖြစ် ကာကွယ်ရေး၊ ပြည်ထဲရေးတို့က ဒုဝန်ကြီးတွေပါဝင်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အတွင်းရေးမှူးအဖြစ် ပူးပေါင်းဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၄ ဦးပါအဖွဲ့ဟာ ရွေးကောက်ပွဲကာလ လုံခြုံရေးကိုထိပါးစေနိုင်တဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်သတင်းရယူတာ၊ အရေးယူဆောင်ရွက်နိုင်ဖို့ ညွှန်ကြားတာတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပုဒ်မ ၃၂ ခုပါ စစ်ကောင်စီထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေထဲမှာ အစိုးရအဆက်ဆက် ပြဌာန်းခဲ့တာမျိုးမရှိတဲ့ သေဒဏ်ဥပဒေကို စစ်ကောင်စီက ထည့်သွင်းရေးဆွဲခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ကိုလည်း စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ – ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များကို ဝါးချွန်လက်နက်များ တပ်ဆင်ပေးနေပုံ