ထရမ့်က ပါကစ္စတန်နဲ့ ဆက်ဆံရေး တိုးမြှင့်လာတာကြောင့် တရုတ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယက ပြန်လည်သုံးသပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးမာရှယ် အာစင်မ် မူနီယာနဲ့ အိမ်ဖြူတော်မှာ မကြာသေးခင်က တွေ့ဆုံခဲ့တာဟာ အိန္ဒိယနိုင်ငံအတွက် သံတမန်ရေးရာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲဟာ ပါကစ္စတန်ကို မျက်နှာသာပေးလာမလားဆိုတာ အိန္ဒိယက စိုးရိမ်နေပါတယ်။
နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေမှာ ပါကစ္စတန် ပါဝင်တယ်လို့ အိန္ဒိယက စွပ်စွဲထားကာ ဒီတွေ့ဆုံမှုကိုလည်း တိတ်တဆိတ် ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ပါကစ္စတန်စစ်တပ်ကို ထောက်ပံ့တာဟာ နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာစေနိုင်တယ်လို့ အိန္ဒိယအရာရှိတွေက သတိပေးခဲ့ပါတယ်။
အထူးသဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံဟာ မေလတုန်းက ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ထရမ့်က ပါကစ္စတန်ဘက်ကို ဆက်ဆံရေးတိုးမြှင့်လာတဲ့အချိန်ဟာ အိန္ဒိယက အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေကို အချိန်ဆွဲထားတာအပြင် G7 အစည်းအဝေးအပြီး ဝါရှင်တန်ကို လာရောက်ဖို့ ဖိတ်ကြားချက်ကို ငြင်းပယ်ထားတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
တချိန်တည်းမှာပဲ နယူးဒေလီက တရုတ်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာတွေ၊ အဆင့်မြင့် သံတမန်ခရီးစဉ်တွေ ပြန်စတင်တာတွေအပါအဝင် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို သတိထားပြီး ပြန်လည်ထိတွေ့ဆက်ဆံလာပါတယ်။
သုံးသပ်သူတွေကတော့ အိန္ဒိယက တရုတ်နဲ့ ဆက်ဆံရေးပြန်လည်တိုးမြှင့်လာတာဟာ ထရမ့်ရဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြေအနေတွေနဲ့ အမေရိကန်-တရုတ် ပြန်လည်သင့်မြတ်လာနိုင်ခြေကို ကြိုတင်ကာကွယ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံသာ သင့်မြတ်သွားရင် အိန္ဒိယကို တသီးတခြားဖြစ်သွားစေနိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေကယူဆကြပါတယ်။
အိန္ဒိယနဲ့ တရုတ်ကြားမှာ မယုံကြည်မှုတွေ ဆက်ရှိနေပေမယ့် နှစ်ဘက်စလုံးကတော့ ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြားမှာ ဆက်ဆံရေးကို အကန့်အသတ်နဲ့ ပြန်လည်အဆင်ပြေလာဖို့ စမ်းသပ်နေပုံရပါတယ်။
Source – Reuters
ဓာတ်ပုံ – IOD india