ဂန့်ဂေါခရိုင်ထဲမှာ GZA စစ်ဦးစီးချုပ်အဖွဲ့နဲ့ YDF တပ်ဖွဲ့ ပစ်ခတ်လုပ်ကြံခံရ

Author CJ Platform
Categories
Published on Jul 17, 2025

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကဇွန်းထောင့်ရွာနဲ့ ယင်းမာရွာကြားမှာ Generation Z Army (GZA) ဥက္ကဌ၊ စစ်ဦးစီးချုပ်အဖွဲ့နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်လုပ်ကြံခံရတယ်လို့ GZA တပ်ဖွဲ့ဆီက သိရပါတယ်။

 

GZA ဥက္ကဌ၊ စစ်ဦးစီးချုပ်အဖွဲ့နဲ့ YDF တပ်ဖွဲ့တို့ကို ပစ်ခတ်လုပ်ကြံမှုဟာ ကဇွန်းထောင့်ရွာနဲ့ ယင်းမာရွာအကြား ဂန့်ဂေါခရိုင် တပ်ရင်း ၁၀၊ တပ်ခွဲ ၇ စခန်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂန့်ဂေါခရိုင် တပ်ရင်း ယူနီဖောင်းဝတ်ဆင်ထားတဲ့သူ ၂၃ ဦးက သေနတ်နဲ့ စောင့်ကြိုပစ်ခတ်လုပ်ကြံခဲ့တာလည်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရမှုအတွင်း GZA စစ်ဦးစီးချုပ် ကိုအောင်ကျော်မျိုးထက်နဲ့ ဆေးသူနာပြုတစ်ဦးတို့ လွတ်မြောက်ခဲ့ပေမဲ့ အခြား ဆေးသူနာပြုတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး GZA ဗဟိုစစ်ရုံးချုပ် ကိုယ်ရေးအရာရှိ ကိုပါကြီး၊ အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ကိုဘီလူးတို့ ပြန်လည်ခုခံပစ်ခတ်ခဲ့ချိန် သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။

 

GZA စစ်ဦးစီးချုပ်အဖွဲ့နဲ့ YDF တပ်ဖွဲ့ကို ပစ်ခတ်လုပ်ကြံသူတွေထဲမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်က YDF အမှတ် ၁ အချုပ်စခန်းကနေ ထွက်ပြေးခဲ့သူတွေ ပါဝင်တယ်လို့ သိရပြီး ဂန့်ဂေါခရိုင် တပ်ရင်း ၁၀ တပ်ခွဲ ၇ တပ်ဖွဲ့ကလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

 

“သူတို့က YDF ထောင်ဖောက်၊ တပ်ပြေးတွေနဲ့အတူတူ လုပ်ကြံကြတာပါ။ သူတို့အဖွဲ့နဲ့ အရင်က ပဋိပက္ခ ဖြစ်တာမျိုး မရှိခဲ့ပါဘူး။ ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ Generation Z Army ပြောရေးဆိုခွင့်ရှိသူ ကိုဇက်က CJ Platform သတင်းဌာနကို ပြောပါတယ်။

 

ဂန့်ဂေါခရိုင် တပ်ရင်း ၁၀ တပ်ဖွဲ့ဟာ ထီးလင်းအခြေစိုက်တပ်ဖွဲ့တွေဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ဖွဲ့တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

GZA နဲ့ YDF တပ်ဖွဲ့ကို ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားချိန် ခုခံပစ်ခတ်ခဲ့တဲ့ GZA တပ်ဖွဲ့က ကိုပါကြီးနဲ့ အမှတ် ၂ တပ်ရင်းက တပ်ရင်းမှူး ကိုဘီလူးတို့ ဖမ်းဆီးခံရပြီးနောက် ပစ်ခတ်မှုအတွင်း ရရှိခဲ့တဲ့ သေနတ်ဒဏ်ရာတွေကြောင့် ဆေးဝါးကုသမှု လုပ်ဆောင်ဖို့ တိုက်နယ်ဆေးရုံကို လွှဲပြောင်းချိန် GZA တပ်ဖွဲ့က ကြားဖြတ် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပေမဲ့ GZA တပ်ဖွဲ့ ဆေးအကူသူနာပြုတစ်ဦးကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

 

NUG MOD လက်အောက်ခံ တပ်ရင်းက GZA တပ်ဖွဲ့နဲ့ YDF တပ်ဖွဲ့ကို ပစ်ခတ်မှု လုပ်ဆောင်ခဲ့တဲ့အပေါ် NUG MOD ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကို CJ Platform က ဆက်သွယ် မေးမြန်းထားဆဲဖြစ်ပါတယ်။

 

GZA စစ်ဦးစီးချုပ်အဖွဲ့နဲ့ YDF တပ်ဖွဲ့တို့ကို ပစ်ခတ်လုပ်ကြံခဲ့တဲ့သူတွေနဲ့ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့သူတွေကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ GZA တပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ စိတ်အနှောင့်အယှက် မဖြစ်ဖို့ကိုလည်း အသိပေး ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – Generation Z Army

 

 

Related News

Depend on news