မွန်၊မကွေးနဲ့နေပြည်တော်က ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်

Author CJ Platform
Categories
Published on Sep 25, 2025

ရာဂါဆာမုန်တိုင်းရဲ့ အရှိန်ကြောင့် ယခုတစ်ပတ်အတွင်း မွန်ပြည်၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းနေခဲ့ပြီး ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်၊ ရေးမြို့နယ် ဒူးယားကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်လာကာ  နေအိမ်တွေအတွင်း ရေဝင်ရောက်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာလည်း ဒီနေ့ စက်တင်ဘာ ၂၅ရက်နေ့ မနက်ပိုင်းမှာ တောင်ကျရေစီးဆင်းမှုကြောင့် အောက်စက်တော်ရာရေဝင်နစ်မြုပ်ကာ မန်းချောင်းရေလျှံနေပြီးနောက် ချောင်းတစ်လျှောက်မှာ ရှိတဲ့ရွာက ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မကွေးတိုင်းထဲက မင်းဘူး-စကု ကားလမ်းပေါ်မှာလည်း ရေကျော်ပြီး လမ်းပိတ်ခဲ့တာတွေ ရှိသလို စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းကလည်း ဆားပွက်ချောင်းရေလျှံတာကြောင့် ကျောက်တန်းကျေးရွာအတွင်းက ပြည်သူတွေကို ကူညီပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နေပြည်တော်မှာလည်း စက်တင်ဘာ ၂၃ ရက် ညနေမှာ မိုးပိုကောင်းလာတာကြောင့် ပုဗ္ဗသီရိမြို့နယ်က လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တွေမှာလည်း ရေဘေးသတိပေးချက်တွေကို လူမှုကူညီရေးအဖွဲ့တွေက လိုက်လံအသိပေးနှိုးဆော်နေကြပါတယ်။

 

ရာဂါဆာမုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေနဲ့ မုတ်သုန်လေ အားကောင်းနေတာကြောင့် တစ်နိုင်ငံလုံးမှာ သုံးရက်အတွင်း မိုးအသင့်အတင့်ရွာနိုင်ပြီး ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

 

စစ်တောင်းမြစ်၊ သံလွင်မြစ်တို့ဟာ စိုးရိမ်ရေအမှတ်ထက် ရောက်နေပြီး ပဲခူးမြစ်နဲ့ ဘီးလင်းမြစ်ရေဟာလည်း မနက်ဖြန်မှာ စိုးရိမ်ရေအမှတ်ထက် ရောက်နိုင်တယ်လို့ မိုးဇလက အသိပေးထားပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ပုံစာ – မကွေးတိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကို မြင်ရပုံ