အိန္ဒိယမှာ ညီအစ်ကိုနှစ်ယောက်က အမျိုးသမီးတစ်ယောက်တည်းကို လက်ထပ်

အိန္ဒိယနိုင်ငံ ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ်က ဟက်တီ မျိုးနွယ်စုဝင် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ပရာဒိပ် နေဂီနဲ့ ကာပီလ် နေဂီတို့က ဆူနီတာ ချောင်ဟန် ဆိုတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ပါတယ်။
သူတို့ ၃ ယောက်ရဲ့ မင်္ဂလာပွဲကို သုံးရက်အကြာ ကျင်းပခဲ့ပြီး အခမ်းအနားကို ဒေသခံ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ မင်္ဂလာပွဲ အခမ်းအနားမှာ ရိုးရာအကတွေ၊ တိုင်းရင်းသားတေးဂီတတွေ တီးမှုတ်ကခုန်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
“ဂျိုဒီဒါရာ” ဒါမှမဟုတ် “ဂျာ့ဂျ်ဒါ” လို့ လူသိများတဲ့ ဒီဓလေ့ဟာ ဟက်တီ လူမျိုးတွေကြားမှာ ရှေးအစဉ်အဆက်ကတည်းက ရှိလာတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။
ဒီဓလေ့ရဲ့ ရည်ရွယ်ချက်က တောင်တန်းဒေသက စိုက်ပျိုးရေးအဓိကထားတဲ့ လူ့အသိုင်းအဝိုင်းတွေမှာ ဘိုးဘွားပိုင် လယ်မြေတွေ ခွဲခြမ်းစိတ်ဖြာမသွားအောင် ကာကွယ်ဖို့နဲ့ မိသားစု စည်းလုံးညီညွတ်မှုကို အားပေးဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
အခုလို လက်ထပ်မယ့် ဆုံးဖြတ်ချက်ကိုတော့ သူတို့သားနှစ်ယောက်စလုံးက အားလုံးရဲ့ သဘောတူညီချက်အပြည့်နဲ့ ပူးပေါင်းချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သတိုးသမီး ဆူနီတာကလည်း ဒီဓလေ့ကို သူမသိရှိပြီးသားဖြစ်ကာ သူမကိုယ်တိုင်လည်း ဒီဓလေ့အပေါ်မှာ လေးစားမှုရှိတယ်လို့ ပြောခဲ့ပါတယ်။
ခင်ပွန်းတစ်ယောက်ထက် ပိုယူတဲ့ဓလေ့ကို အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူအိမ်ထောင်ရေးအက်ဥပဒေအရ တရားဝင် အသိအမှတ်မပြုထားပါဘူး။
ဒါပေမယ့် လူမျိုးစုများပြီး မတူညီတဲ့ ရိုးရာဓလေ့ကွဲတွေ များပြားလှတဲ့ ဖက်ဒရယ်နိုင်ငံဖြစ်တဲ့ သူတို့နိုင်ငံအဖို့ အားလုံးလိုက်လျောညီထွေရှိစေဖို့အတွက် ဟက်တီ မျိုးနွယ်စုလို လူ့အဖွဲ့အစည်းတွေအတွက်တော့ ချွင်းချက်အနေနဲ့ ယောင်္ကျားတစ်ယောက်ထက် ပိုယူခွင့်ကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
ဒီလိုဓလေ့တွေက မြေနဲ့ သယံဇာတတွေ အကန့်အသတ်နဲ့သာရှိတဲ့ ဝေးလံတဲ့ဒေသတွေမှာ မိသားစုဆက်ဆံရေးကို ခိုင်မာစေပြီး တည်ငြိမ်မှုကို အာမခံတယ်လို့ မျိုးနွယ်စုခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ခေတ်မှာ ရှားပါးသွားပေမယ့် ဒီဓလေ့ကို လေးစားမှုရှိနေဆဲဖြစ်ပြီး ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ်ရဲ့ အခွန်ဆိုင်ရာဥပဒေတွေအရ တရားဝင် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Source – Times of India
ဓာတ်ပုံ – Times of India