အမေရိကန်က အီရန်ရဲ့ နျူးကလီးယားစက်ရုံတစ်ရုံသာ ဖျက်ဆီးနိုင်ခဲ့

Author CJ Platform
Categories
Published on Jul 18, 2025

ပြီးခဲ့တဲ့ ဇွန်လအတွင်းက အမေရိကန်က အီရန်ရဲ့ နျူးကလီးယားစက်ရုံ ၃ ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် တစ်ရုံကိုသာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ NBC သတင်းဌာနက သုံးသပ်ချက်တစ်ခုကို ကိုးကားပြီး ထုတ်ပြန်ခဲ့ပါတယ်။

 

အမေရိကန်က အီရန်ရဲ့ ဖော်ဒို၊ အစ္စဖာဟန်နဲ့ နတန်ဇ် နျူးကလီးယားစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် ဖော်ဒိုနျူးကလီးယားစက်ရုံတစ်ခုသာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အခြားနေရာနှစ်ခုဖြစ်တဲ့ အစ္စဖာဟန်နဲ့ နတန်ဇ်တို့မှာတော့ ထိခိုက်မှုနည်းပါးခဲ့ပြီး လပိုင်းအတွင်း လုပ်ငန်းတွေ ပြန်လည်စတင်နိုင်တဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

 

ထရန့်ကတော့ သံသယရှိစရာမလိုအောင် အီရန်ရဲ့ နျူးကလီးယားစက်ရုံ ၃ နေရာလုံး လုံးဝ ပျက်စီးသွားပြီလို့ ပြောခဲ့ပါတယ်။

 

ဒါအပြင် ပင်တဂွန်နဲ့ အိမ်ဖြူတော်ဘက်ကလည်း သူတို့စစ်ဆင်ရေးက အောင်မြင်ပြီး စက်ရုံသုံးခုစလုံး “လုံးဝ ပျက်စီးသွားတယ်” လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဖော်ဒိုမှာတော့ အပြင်းအထန် ပျက်စီးသွားတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

 

အီရန်က သူတို့အနေနဲ့ နျူးကလီးယားကို အရပ်ဘက်မှာသာ သုံးစွဲဖို့ဖြစ်ပြီး စစ်ဘက်မှာ သုံးစွဲဖို့ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

 

Source – NBC News, Reuters

 

ဓာတ်ပုံ – Reuters