ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားလေးဦး PLA ပြန်လွှတ်ပေး

Author CJ Platform
Categories
Published on Jul 18, 2025

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ငါးဦးကို ဖမ်းဆီးရမိခဲ့ပြီး လေးဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။

 

ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ နယ်မြေ ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာ PLA နဲ့ ပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၉ ရက်မှာ သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးကို ဖမ်းဆီးရမိခဲ့ပေမဲ့ တစ်ဦးဟာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးဝါးကုသမှုပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

“ကန့်ဒေါင့်တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းက လေးဦးပေါ့။ နောက်ထပ်တစ်ယောက်ကတော့ စဖမ်းမိကတည်းက အဆုတ်ကြောင့်လား၊ နှလုံးကြောင့်လား မသိဘူး၊ အရမ်းအမောဖောက်နေတာ။ အဲဒါကြောင့် သူတို့ (စစ်တပ်) က သူ့ကို မခေါ်သွားဘဲနဲ့ ပစ်ထားခဲ့တာ။ အဲဒီ စစ်တပ်သားကို ဖမ်းမိတော့ သေချာဆေးကုပေးတယ်။ ဒါပေမဲ့ ဆေးကုလို့မရတော့ဘဲ ဆုံးသွားတာပေါ့။ ကျန်တဲ့ သုံးယောက်ကတော့ ဆေးကုပေးလို့ရတယ်။ ပြီးတော့ ကျန်တဲ့ ရဲအရာရှိတစ်ယောက်နဲ့။ ကောင်းတဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ” လို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်က CJ Platform ကို ပြောပါတယ်။

 

PLA က ဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေထဲမှာ အမှတ် ၃၆ ခြေမြန်တပ်ရင်းက တပ်သား ရဲကျော်ကျော်၊ အမှတ် ၂၅၅ ခြေမြန်တပ်ရင်းက တပ်သား နေထက်လင်း၊ အမှတ် ၅၀ ခြေလျင်တပ်ရင်းက တပ်သား ထွန်းမြေ့အေး၊ ရဲအရာခံဗိုလ် ရှီန်းကိုကိုကျော် နဲ့ တပ်သား စိုးတာ တို့ပဲဖြစ်ပါတယ်။ တပ်သား စိုးတာ ဟာ စတင်ဖမ်းဆီးခံရချိန်ကတည်းက ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာကြောင့် PLA က ဆေးဝါးကုသမှုပေးခဲ့ပေမဲ့ ရောဂါကြောင့် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်မြေပြင်အတွင်း ဖမ်းဆီးခံရသူတွေနဲ့ လက်နက်ချအညံ့ခံသူတွေကို ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီအရ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး နေရပ်ပြန်လိုပါက သူတို့ရဲ့ ဆန္ဒအတိုင်း နေရပ်ပြန်ခွင့်ပေးတာမျိုးတွေလည်း ရှိတယ်လို့ ရဲဘော် နီနီကျော်က ပြောပါတယ်။

 

“စစ်သုံ့ပန်းကို ထိန်းသိမ်းထားနိုင်ရင် ထိန်းသိမ်းရတယ်။ ထိန်းသိမ်းထားနိုင်တဲ့အခြေအနေ မရှိရင် ပညာပေး စည်းရုံးဟောပြောပြီး ပြန်လွှတ်ပေးရတယ်။ ဒါက ရန်သူ့ကို စိတ်ဓာတ်အရရော နိုင်ငံရေးအရရော ထိုးနှက်တိုက်ခိုက်တာ ဖြစ်တယ်။ စစ်အောင်နိုင်ရေး အဓိကအချက်တွေထဲမှာ စစ်သုံ့ပန်းကို လွှတ်ပေးရတာလည်း တစ်ချက်အပါ ဖြစ်ပါတယ်” လို့ ရဲဘော် နီနီကျော်က ကွန်မြူနစ်ပါတီရဲ့ စစ်သုံ့ပန်းတွေအပေါ်ထားတဲ့ မူဝါဒကို ပြောပါတယ်။

 

ကန့်ဒေါင့်နယ်မြေ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဓမ္မတပ်သားသစ်စုဆောင်းခံရသူတွေဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေဟာ သူတို့ရဲ့ နေရပ်မိသားစုဆီ ပြန်လိုတယ်လို့ ပြောဆိုလာတဲ့အပြင် ၁၅ နှစ်အရွယ် ကလေးစစ်သားတစ်ဦး ပါဝင်နေတာကြောင့် သက်ညှာတဲ့အနေနဲ့ PLA က ခရီးလမ်းစရိတ်ပေးကာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဓာတ်ပုံ – PLA

ပုံစာ – PLA က ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီ စစ်သုံ့ပန်း လေးဦး။