ထိုင်းရောက်မြန်မာတွေကို ထိုင်းအာဏာပိုင်တွေက အနိုင်ကျင့်အမြတ်ထုတ်နေတယ်လို့ HRW ပြော

Author CJ Platform
Categories
Published on Jul 15, 2025

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် ထိုင်းနိုင်ငံထဲထွက်ပြေးခိုလှုံလာသူတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်ငွေညှစ်မှုတွေနဲ့ ဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မနေ့ ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

မြန်မာနိုင်ငံထဲကနေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာရသူတွေ ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ရောက်ရှိလာနေချိန် ဒုက္ခသည်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကိုမရရှိဘဲ ထိုင်းအာဏာပိုင်တွေရဲ့ အကျပ်ကိုင်အမြတ်ထုတ်မှုတွေနဲ့ ကြုံနေရတယ်လို့ HRW ရဲ့ ၄၈ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ထိုင်းရောက်မြန်မာနိုင်ငံသားတွေကို မကြာခဏ စစ်ဆေးမေးမြန်းမှုတွေရှိနေပြီး ငွေကြေးတစုံတရာမပေးနိုင်ပါက ဖမ်းဆီးပြန်ပို့မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာမျိုးရှိတယ်လို့ HRW က ဆိုပါတယ်။

 

HRW ရဲ့ လေ့လာစောင့်ကြည့်မှုအရ ရွှေ့ပြောင်းမြန်မာအများစုနေထိုင်တဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေရဲ့ အမြတ်ထုတ်မှု အများဆုံးရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို “လမ်းလျှောက်နေတဲ့ငွေထုတ်စက်” (Walking ATMs) အဖြစ် ထိုင်းအာဏာပိုင်တွေက ရှုမြင်ထားကြတယ်လို့လည်း HRW က ဆိုပါတယ်။

 

နေရပ်ပြန်ပို့ပါက စစ်ကောင်စီရဲ့အကြမ်းဖက်မှုနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေအောက်မှာ စိုးရိမ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက အမြတ်ထုတ်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

“ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံရဲ့ အကာအကွယ်ပေးမှုတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေက သူတို့ရဲ့ ဥပဒေကိုအသုံးချပြီး မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ၊ အကြပ်ကိုင်တာတွေ လုပ်ဆောင်နေပါတယ်” လို့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခွင့်အရေးဆိုင်ရာ HRW သုတေသီ Nadia Hardman က ပြောပါတယ်။

 

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ ယာယီအကာအကွယ်ပေး စောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးသင့်တယ်လို့လည်း HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ၃၀ ဦးကို HRW က လူတွေ့မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ရာမှာ အများစုဟာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရသလို အထောက်အထားအပြည့်အစုံမရှိပါက ဖိနှိပ်ခံရမှုနဲ့ နေရပ်ပြန်ပို့ခံရမယ့်အခြေအနေတွေ ကြုံတွေ့နေရသလို လုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကန့်သတ်ခံရမှုတွေလည်း ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ရွေ့ပြောင်းမြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးနေပုံ