မြန်မာနိုင်ငံတွင်း လူဦးရေလျော့ကျလာတာကြောင့် ပြည်ပထွက်ခွာမှုကို အလေးထားကိုင်တွယ်ဖို့ ဒုစစ်ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Jul 12, 2025

မြန်မာနိုင်ငံထဲမှာ လူဦးရေ တိုးပွားနှုန်း ခန့်မှန်းထားတာထက် လျော့ကျလာတာကြောင့် ပြည်ပထွက်ခွာမှုနဲ့ ရွှေ့ပြောင်းသွားလာမှုတွေကို အလေးထားကိုင်တွယ်ဆောင်ရွက်ဖို့ စစ်ကောင်စီ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။

 

မနေ့ ဇူလိုင် ၁၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယကလည်းဖြစ်တဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက တက်ရောက်ခဲ့ချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ၁၀ နှစ်တာအတွင်း လူဦးရေ တိုးပွားလာမယ်လို့ ခန့်မှန်းထားပေမယ့်၊ ၂၀၂၄ ရှေ့ပြေးသန်းခေါင်စာရင်းအရ ခန့်မှန်းထားတဲ့ လူဦးရေထက် ငါးသန်းခန့် လျော့နည်းနေတယ်လို့ စိုးဝင်းက ပြောပါတယ်။

 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာ ၅၆ ဒသမ ၂ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့်၊ ၂၀၂၄ ရှေ့ပြေးသန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်သာရှိတာကြောင့် လူဦးရေ လျော့ကျလာမှုကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ်အပြီး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကလေးမွေးဖွားနှုန်း နည်းလာပြီး၊ သေဆုံးမှုတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာကြောင့် ပြည်ပထွက်ခွာမှုတွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။

 

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အလုပ်အကိုင်အခွင့်အလမ်း များတာကြောင့် မြန်မာပြည်သူတွေ ပြည်ပထွက်ခွာမှုတွေရှိနေတာဖြစ်တဲ့အတွက် ရွှေ့ပြောင်းလုပ်သား ပြည်ပထွက်ခွာမှုကို အစိုးရအနေနဲ့ အလေးထားကိုင်တွယ်ဖို့ လိုတယ်လို့ စိုးဝင်းက ပြောပါတယ်။

 

လက်ရှိမှာ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီက ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူနိုင်ခဲ့တာ မဟုတ်တဲ့အတွက် အချက်အလက်ပြည့်စုံမှန်ကန်မှု မရှိနိုင်ဘူးလို့ ထောက်ပြဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – စစ်ကောင်စီက အဓမ္မစစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူခြင်းခံထားရသည့် လူငယ်များကို မြင်ရပုံ