ပုသိမ် စမ်းမြိုင်ကျေးရွာ အုပ်ကြီးနဲ့အဖွဲ့က စစ်မှုထမ်းမဲပေါက်သူတွေ ထွက်ပြေးရင် အိမ်ကိုသိမ်းယူမယ်လို့ ခြိမ်းခြောက်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု စမ်းမြိုင်ရွာ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှုထမ်းအတွက် လူငယ်တစ်ဦးကို သုံးသိန်းခွဲကျပ်အထိ တောင်းခံနေပြီး စစ်မှုထမ်း မဲပေါက်သူတွေ ထွက်ပြေးရင် မိဘတွေကိုဖမ်းဆီးပြီး နေအိမ်ကို သိမ်းယူမယ်လို့ ခြိမ်းခြောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇင်ပြွန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေး၊ ရာအိမ်မှူး ဦးအောင်သန်း၊ ဆယ်အိမ်မှူး ဦးဆန်းထွန်း၊ ဦးကျင်လှ၊ ဦးနော်ဝင်းတို့ဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ကျေးရွာကို ဖိနှိပ်မှု လုပ်ဆောင်နေတာလို့ သိရပါတယ်။
“ရွာက လစရ ၁၀နဲ့ တိုက်စည်း ၇ ကြားမှာ ရှိတဲ့ ရွာလေ၊ စစ်တပ်ကြားထဲက ရွာဆိုတော့ အုပ်ကြီးတွေက လူပါးဝနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းမလိုက်လိုတဲ့ လူငယ်တွေဟာ တစ်ဦးကို သုံးသိန်းခွဲကျပ်အထိ အုပ်ချုပ်ရေးအဖွဲ့ကို ပေးအပ်နေရပြီး စစ်မှုထမ်းမဲနှိုက်ရာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ အမျိုးတော်စပ်သူတွေကိုတော့ မဲမနှိုက်စေဘူးလို့ အဲဒီ ဒေသခံက ဆက်ပြောပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – စမ်းမြိုင်ကျေးရွာအတွင်း တစ်နေရာကို မြင်ရပုံ