လက်ဆည်ရဲစခန်းကို အညာမြေတပ်ပေါင်းစု ဝင်တိုက်၊ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

Author CJ Platform
Categories
Published on Jul 21, 2025

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် လက်ဆည်ရွာက ရဲစခန်းကို အညာမြေတပ်ပေါင်းစုနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ဆီက သိရပါတယ်။

 

ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံရဲ စုစုပေါင်းအင်အား ၂၅ ဦး တပ်စွဲထားတာဖြစ်ပြီး အညာမြေတပ်ပေါင်းစုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အခု ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

တိုက်ပွဲအတွင်း လက်ဆည်ရဲစခန်းအတွင်းက ရဲတန်းလျားအဆောင် လေးဆောင်၊ ဘန်ကာလေးခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့ပြီး ပင်မအဆောင်အဦနဲ့ ဘန်ကာ ၂ ခုကို သိမ်းယူဖို့ကျန်ရှိချိန် လက်နက်ခဲယမ်း မလုံလောက်တော့တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

 

“ကျွန်တော်တို့ သိမ်းနိုင်တော့မယ့်အချိန်မှာ ကျည်အခက်အခဲ ဖြစ်လာလို့ အပြီးသတ် မသိမ်းနိုင်ခဲ့ဘူး။ အဲ့အချိန်မှာပဲ ဆိပ်ဖြူက ပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) ကနေ စစ်ကူရောက်လာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတယ်” လို့ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။

 

လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဘက် အမှတ် ၈ စစ်ကြောင်းက ရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေနတ် နှစ်လက် ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

အဲဒီစစ်ဆင်ရေးကို အညာမြေတပ်ပေါင်းစုနဲ့အတူ အမှတ် ၈ စစ်ကြောင်း၊ ပခုက္ကူခရိုင်တပ်ရင်း ၁၉ တပ်ခွဲ ၃၊ ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ God of Myaing၊ PL PDF၊ ကိုရေခဲနှင့် ကိုဗလ ဦးဆောင်တဲ့ လူငယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု