ကမ္ဘာ့သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ Google နဲ့ OpenAI တို့ရဲ့ AI မော်ဒယ်တွေ ရွှေတံဆိပ်ဆု ဆွတ်ခူး

Google DeepMind နဲ့ OpenAI တို့ရဲ့ AI မော်ဒယ်တွေဟာ အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ် (IMO) မှာ ရွှေတံဆိပ်အဆင့် ရမှတ်တွေ ရရှိခဲ့ပါတယ်။ ဒါဟာ AI တွေရဲ့ ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာဖြေရှင်းနိုင်စွမ်းအတွက် ကြီးမားတဲ့ ရှေ့ပြေးတိုးတက်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။
မော်ဒယ်နှစ်ခုစလုံးဟာ သီးသန့်ကွန်ပျူတာကုဒ်တွေနဲ့ မဟုတ်ဘဲ၊ သင်္ချာကို သာမန်ဘာသာစကားပုံစံနဲ့ အထွေထွေကျိုးကြောင်းဆင်ခြင်မှုစနစ်တွေကို သုံးပြီး မေးခွန်းခြောက်ခုထဲက ငါးခုကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
Google ကတော့ သူ့ရဲ့ Gemini Deep Think မော်ဒယ်ကို သုံးပြီး ရလဒ်တွေကို အတည်ပြုဖို့ IMO နဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ OpenAI ကတော့ ပြိုင်ပွဲကို တရားဝင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ မဟုတ်ပေမယ့် သူတို့ရဲ့ မော်ဒယ်ကို IMO ဆုတံဆိပ်ရှင်တွေက ပြန်လည်စစ်ဆေးခဲ့ပြီး Google နဲ့ အလားတူရလဒ်တွေ ထွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီအောင်မြင်မှုဟာ AI တွေအနေနဲ့ သင်္ချာဘာသာရပ်မှာရှိတဲ့ အဆင့်မြင့်သုတေသနပြဿနာတွေကို မကြာခင်မှာ ကူညီဖြေရှင်းပေးနိုင်တော့မယ့် အလားအလာကို ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။
OpenAI ဟာ တွက်ချက်မှုစွမ်းအားပိုသုံးထားတဲ့ စမ်းသပ်ဆဲမော်ဒယ်တစ်ခုကို အသုံးပြုခဲ့ပေမယ့် ကုမ္ပဏီနှစ်ခုစလုံးက သူတို့ရဲ့ မော်ဒယ်အပြည့်အစုံကိုတော့ အများပြည်သူသုံးနိုင်ဖို့အတွက် ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။
ဒီနှစ် ဩစတြေးလျမှာကျင်းပတဲ့ IMO ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ကျောင်းသား ၆၃၀ ဦးထဲက ၆၇ ဦးက ရွှေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။
Google နဲ့ OpenAI တို့ဟာ အခုဆိုရင် အဲဒီ ထူးချွန်သူတွေရဲ့ အုပ်စုထဲကို ဝင်ရောက်လာခဲ့ပြီး လူသားတွေအနေနဲ့မဟုတ်ဘဲ စက်ပစ္စည်းတွေအနေနဲ့ ဖြစ်ပါတယ်။
Source – Reuters
ဓာတ်ပုံ – Reuters