မနက်ဖြန် သွေးလကြပ်ခြင်း ဖြစ်ပေါ်မည်

Author CJ Platform
Categories
Published on Sep 06, 2025

လအပြည့်ကြပ်ခြင်းဖြစ်စဉ်ကို မနက်ဖြန် စက်တင်ဘာ ၇ ရက်နေ့ ညမှာ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တစ်ခုလုံးက တွေ့မြင်ရမှာဖြစ်ပါတယ်။ လအပြည့်ကြပ်ခြင်းကို ၁ နာရီနဲ့ ၂၂ မိနစ်ကြာ တွေ့မြင်ရမှာဖြစ်ပြီး လစတင်ကြပ်တာကနေ ပြီးဆုံးတဲ့အထိ အစအဆုံးဆိုရင် ၅ နာရီနဲ့ ၂၇ မိနစ်ကြာ တွေ့မြင်ရမှာပါ။

 

မြန်မာနိုင်ငံမှာတော့ စက်တင်ဘာ ၇ ရက် ည ၁၀ နာရီ ၅၇ မိနစ်မှာ လစတင်ကြပ်မှာဖြစ်ပြီး လအပြည့်ကြပ်ခြင်းကိုတော့ စက်တင်ဘာ ၈ ရက် မနက် ၀ နာရီ ၄၁ မိနစ်မှာ တွေ့မြင်ရမှာပါ။

 

လနှင့် နေအကြား ကမ္ဘာကျရောက်ချိန် နေရဲ့ အလင်းရောင်ဟာ ကမ္ဘာကို ဖြတ်ပြီး လပေါ်ကို အနီရောင်အရိပ်အနေနဲ့ ကျရောက်မှာဖြစ်တာကြောင့် တချို့သော လကြပ်ခြင်းဖြစ်စဉ် အချိန်တွေမှာ သွေးရောင်လွှမ်းတဲ့ လကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

လကြတ်ခြင်းဖြစ်စဉ်တွေမှာ အမျိုးအစား လေးမျိုးရှိပြီး၊ လရဲ့ လေးပုံတစ်ပုံ လကြတ်ခြင်းကို အမဲရောင်၊ လေးပုံနှစ်ပုံ လကြတ်ခြင်းကို အဖြူနဲ့ မီးခိုးရောင်၊ လေးပုံသုံးပုံ လကြတ်ခြင်းကို ရွှေရောင်နဲ့ အဝါရောင်၊ လတစ်ခုလုံး အပြည့်ကြတ်ခြင်းကို အနီရောင်နဲ့ သွေးရောင် ကြတ်ခြင်း (Blood Moon) ဆိုပြီး သတ်မှတ်ထားပါတယ်။ အပြည့်အဝ လကြပ်ခြင်းဖြစ်တဲ့ အနီရောင် ဒါမှမဟုတ် သွေးရောင် လကြတ်ခြင်းဟာ သုံးနှစ်၊ လေးနှစ်ကို တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ သွေးလကြပ်ခြင်းကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။

 

အခုတစ်ခေါက် လကြပ်ခြင်းဖြစ်စဉ်ကတော့ ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ် လကြပ်ခြင်းဖြစ်စဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ခေါက် လကြပ်ခြင်းကိုတော့ မြန်မာနိုင်ငံက မမြင်တွေ့ခဲ့ရပါဘူး။ မနက်ဖြန် လကြပ်ခြင်းဖြစ်စဉ်မှာတော့ မြန်မာနိုင်ငံအပါအဝင် ဆော်ဒီကနေ ဖိလစ်ပိုင်အထိ အာရှတိုက်တစ်ခုလုံးက အပြည့်အဝ လကြပ်ခြင်းဖြစ်စဉ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ပုံစာ – ၂၀၁၈ ခုနှစ် သွေးလကြပ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံက တွေ့မြင်ရစဉ်

 

 

 

Related News

Depend on news